News

POST TAGGED AS

အဓမ္မပြုကျင့်

13-May-2018

အဓမ္မပြုကျင့်
လင်မယားနှစ်ဦးကို ခြိမ်းခြောက်ဖမ်းဆီး အကြွေးတောင်း၍ ဇနီးကို အဓမ္မပြုကျင့်သည့်အဖွဲ့တွင် တပ်အရာရှိတစ်ဦး ပါဝင်
ရန်ကုန်၊ မေ ၁၃

တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် လင်မယားနှစ်ဦးကို အကြွေးပြန်မဆပ်ဟုဆိုကာ ခြိမ်းခြောက်ရိုက်နှက် ဖမ်းဆီး၍ အသက် ၂၇ နှစ်ဇနီးဖြစ်သူကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သောအဖွဲ့မှ တပ်မတော် အရာရှိတစ်ဦး အပါအဝင် ငါးဦးကို မေလ ၁၂ ရက် နံနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါ ဖမ်းမိသူများမှာ မှော်ဘီလေထီးသင်တန်းကျောင်းမှ ဗိုလ်ကြီးကောင်းခန့်ကျော်၊ လှိုင်သာယာမြို့နယ် မီးခွက်ဈေးအနီးတွင် နေထိုင်သူ ဦးခင်မောင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၅၅ ရပ်ကွက်တွင် နေထိုင်ကြသော အသက် ၅၂ နှစ် ဦးဝင်းနိုင်၊ အသက် ၄၇ နှစ် ဦးသန်းဝင်းနှင့် ၆၈ ရပ်ကွက်တွင် နေထိုင်သော အသက် ၃၈ နှစ် ဦးဝင်းသိန်းတို့ဖြစ်ပြီး ကျန်နှစ်ဦးမှာ လွတ်မြောက်နေသဖြင့် ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲထံ မှသိရသည်။

“အကြွေးငွေကိစ္စကို ဂဃနဏ သိရအောင် လတ်တလော စစ်ဆေးနေတယ်။ ဒီအကြွေးတောင်းတဲ့ကိစ္စထဲမှာ တပ်မတော်က ဗိုလ်ကြီးတစ်ယောက်ပါ ပါဝင်ပတ်သက်နေပြီး သူ့ကိုပါ ဖမ်းဆီး အရေးယူထားတယ်။ တပ်ထိန်းဆီ သူ့ကိုပြန်လွှဲအပ်ဖို့လည်း ဆောင်ရွက်နေပါတယ်”ဟု ရဲအရာရှိကဆိုသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် နေထိုင်သော အဆိုပါဇနီးမောင်နှံမှာ မေလ ၁၀ ရက် ညပိုင်းက ၎င်း၏ခင်ပွန်းဖြစ်သူနှင့်အတူ ကျောက်တန်းမြို့နယ်ရှိ ကြခတ်ဝိုင်း ဟိန္ဒူဘုရားကျောင်းသို့ သွားရောက်ပြီး ဂေါပကများနှင့်တွေ့ဆုံကာ စကားပြောဆိုပြီးနောက် ယင်းဘုရား ကျောင်းဝင်းအတွင်း အိပ်နေစဉ် မေလ ၁၁ ရက် နံနက် ၁ နာရီဝန်းကျင်၌ တုတ်ကိုင်ဆောင်ထားသည့် အမျိုးသားခုနစ်ဦး ကျောင်းဝင်းအတွင်းသို့ ရောက်ရှိလာပြီး အကြွေးတောင်းခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။
 
“တုတ်တွေကိုင်ပြီး ရောက်လာတဲ့အဖွဲ့က သူတို့လင်မယား နှစ်ယောက်ကို အကြွေးပြန်မဆပ်လို့ဆိုပြီး ဘုရားကျောင်းဝင်းထဲကနေ ဆွဲခေါ်ထုတ်သွားကြတယ်။ ခုံးတံတားနားအရောက်မှာ ဦးပသား (စုံစမ်းဆဲ) ဆိုသူက အမျိုးသမီးကို တံတားအောက် ဆွဲခေါ်ပြီး ပါးတွေရိုက် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး သားမယားအဖြစ် အဓမ္မ ပြုကျင့်ခဲ့တယ်။ ပြီးတော့ အငှားယာဉ်တစ်စီးရဲ့ နောက်ဖုံးထဲမှာ အမျိုးသမီးကိုထည့်ပြီး ခေါ်သွားတယ်လို့ တိုင်ချက်အရ သိရတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

အကြွေးတောင်းသည့်အဖွဲ့မှ အဆိုပါ လင်မယားနှစ်ဦးကို အငှားယာဉ်တစ်စီးစီဖြင့် ခေါ်ဆောင်သွားခဲ့ပြီးနောက် ရှစ်မိုင်လမ်းဆုံသို့ ယာဉ်ကိုမောင်းနှင်ကာ ၎င်းလင်မယားနှစ်ဦး ပိုင်ဆိုင်သည့် အငှားယာဉ်တစ်စီးကို ထပ်မံယူဆောင်၍ ယာဉ်သုံးစီးဖြင့် လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအနီးရှိ နှစ်ထပ်နေအိမ်သို့ မောင်းနှင်ခဲ့ကြောင်း၊ ယင်းနောက် နေအိမ်အောက် ထပ်တွင် အမျိုးသား ဖြစ်သူကို မေးမြန်းရိုက်နှက်ပြီး ဇနီးဖြစ်သူကို ယင်းအဖွဲ့က အမျိုးသားတစ်ဦးက အပေါ်ထပ်ခေါ်ဆောင်၍ သားမယားအဖြစ် ထပ်မံ အဓမ္မပြုကျင့်ခဲ့ပြီးနောက် မေလ ၁၁ ရက် နေ့လယ်ပိုင်းအချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ခြိမ်းခြောက်ရိုက်နှက်ပြီး မယားဖြစ်သူကိုပါ သားမယားအဖြစ် ပြုကျင့်ခဲ့သည့်အဖွဲ့ကို ဖမ်းဆီးအရေးယူပေးပါရန် အဆိုပါလင်မယားနှစ်ဦးက မေလ ၁၂ ရက် နံနက် ၃ နာရီဝန်းကျင်တွင် ကျောက်တန်း မြို့မရဲစခန်းသို့ လာရောက် အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် ယင်းပြစ်မှုကျူးလွန်သူများမှာ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ တပ်မတော်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ငါးဦးကို ဖမ်းမိခဲ့ပြီး ကျောက်တန်း မြို့မ ရဲစခန်းက ယင်းအမှုကို (ပ) ၁၇၇/ ၁၈၊ ပုဒ်မ ၃၇၆/ ၃၂၃/ ၃၄၂/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03



FOLLOW US