News

POST TAGGED AS

အထည်ချုပ်လုပ်ငန်း

Myanmar Solamoda အထည်ချုပ်စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ပြေလည်မှုမရ
ရန်ကုန်၊ အောက်တိုဘာ ၃

လှိုင်သာယာ ရွှေသံလွင်၊ စက်မှုဇုန် Mynmar Solamoda အထည်ချုပ်စက်ရုံ အလုပ်သမားများက အမှုပိတ်သိမ်းရန် တောင်းဆိုချက်နှင့်ပတ်သက်၍ နှစ်ဖက်ပြေလည်မှု မရခဲ့ကြောင်း အဆိုပါ စက်ရုံမှ HR မန်နေဂျာ ဦးညီညီနိုင်က ပြောကြားသည်။

“မနေ့ကညှိတာ သူတို့တောင်းတဲ့ ရှားပါးစရိတ်ကို လေးထောင်ပေးမယ်ဆိုတာကို ညှိတာ အဆင်ပြေတယ်။ အမှုဖွင့်တာတော့ ပိတ်လို့ မရဘူး။ ဒါရိုက်တာအဖွဲ့ဝင်တွေ ဆုံးဖြတ်ပြီး လုပ်ထားတာဆိုတော့ မရဘူး။ အဲဒီအချက်နဲ့ ညှိမရခဲ့ဘူး”ဟု ၎င်းက ဆိုသည်။

အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းမှုကို အောက်တိုဘာလ ၂ ရက်က လှိုင်သာယာမြို့နယ် ညှိနှိုင်းရေးရုံးတွင် ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

ယင်းစက်ရုံမှ ဆန္ဒပြအလုပ်သမား များက ရှားပါးစရိတ် ကျပ် နှစ်သောင်း တောင်းဆိုရာတွင် လုပ်ငန်းရှင်ဘက်က ကျပ် ၄၀ဝ၀ ပေးမည်ဟု သဘောတူခဲ့သော်လည်း နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားခြင်းကို ရုပ်သိမ်းပေးရန် တောင်းဆိုမှုအပေါ် အလုပ်ရှင်ဘက်က အမှုမပိတ်သည့်အတွက် ဆက်လက် ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ မထားထားရီက ပြောကြားသည်။

“ကျွန်မပြောတာက အလုပ်သမားတွေ ဖွင့်ထားတဲ့အမှုကို ပိတ်သိမ်းပေးပေါ့။ ကျွန်မတို့ဘက်က ဖွင့်တာလည်း သွားပိတ်မယ်။ အပြန်အလှန် ကျေအေးပြီး အလုပ် ပြန်ဝင်လုပ်မယ်လို့ ပြောတာပါ”ဟု ၎င်းက ဆိုသည်။

ယင်းစက်ရုံတွင် အလုပ်သမား ကျွမ်းကျင်မှုအလိုက် A အဆင့်မှ C အဆင့်ထိကို တစ်လလျှင် ကျပ် ငါးသောင်းမှ တစ်သောင်းခွဲအထိ အသီးသီး ပေးချေခဲ့သော်လည်း အလုပ်ပျက်ပါက ကျွမ်းကျင်ကြေးများကို သတ်မှတ်သည့်အတိုင်း မပေးဘဲ ဖြတ်တောက်ခြင်း၊ လျှော့ချခြင်းအပြင် အထည်ကြေးများ အပြည့်အဝ မရရှိခြင်းတို့ကြောင့် စက်တင်ဘာလ ၁၉ ရက်မှ စတင် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများက ပြောကြားသည်။

ထို့သို့ ဆန္ဒဖော်ထုတ်နေစဉ် စက်တင်ဘာလ ၂၀ ရက်က စက်ရုံလုံခြုံရေးများနှင့် ဆန္ဒပြ အလုပ်သမားများကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်တွင် အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် အမှုဖွင့်ခဲ့ကြခြင်း ဖြစ်သည်။

Myanmar Solamoda အထည်ချုပ်စက်ရုံအတွင်း အလုပ်သမား ၉၀ဝ ခန့်ရှိပြီး အလုပ်သမား ၄၅၀ ခန့်မှာ လုပ်ခ လစာများ နည်းပါးမှုကြောင့် ဆန္ဒဖော်ထုတ်လျက်ရှိသည်။

J-18



FOLLOW US