News

POST TAGGED AS

အတိုင်ပင်ခံပုဂ္ဂိုလ်

ငြိမ်းချမ်းရေးစကားဝိုင်းကိုဖျက်ပြီး ဘားအံရေဘေးသင့်သူများကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်တွေ့ဆုံ
ဘားအံ၊ ဇူလိုင် ၂၆

နိုင်ငံတော်အတိုင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးစကားဝိုင်း အစီအစဉ်ကိုဖျက်၍ ကရင်ပြည်နယ်အတွင်းရှိ ရေဘေးဒုက္ခသည်များကို ဇူလိုင် ၂၆ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။

“ပထမတော့ ငြိမ်းချမ်းရေးစကားဝိုင်း လုပ်မယ်လို့ စီစဉ်ထားတယ်။ ဒါပေမဲ့ ရေကြီးနေတဲ့ကြားက အဲ့ဒါကြီးကို လုပ်ဖို့ အဆင်မပြေဘူးလေ။ လူတကာဝေဖန်စရာတွေ ဖြစ်ကုန်မှာပေါ့၊ အဲဒါကြောင့် ငြိမ်းချမ်းရေးစကားဝိုင်း အစီအစဉ်ကိုဖျက်သိမ်းလိုက်တယ်”ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်တင်ဝင်းက ပြောဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇူလိုင်လ ၂၆ ရောက်နေ့က ဘားအံမြို့ရှိ ရေဘေးစခန်းများဖြစ်သော ရွှေယဉ်မျှော် ရေဘေးကယ်ဆယ်ရေးစခန်း၊ မုန်တိုင်းခို၊ အ.ထ.က (၁) ရေဘေးစခန်း၊ ပြည်နယ် အား/ကာရုံးဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံ ရေဘေးစခန်းတို့သို့ လှည့်လည်ကြည့်ရှုပြီးနောက် ဘားအံမြို့ရှိ ရေဘေးသင့်ပြည်သူများကို ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီနှင့် ရိက္ခာခြောက်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ လှူဒါန်းသည့်တန်ဖိုး ကျပ်သိန်း ၁၄၀ ကျော်ရှိ အဝတ်အထည်နှင့် အိမ်အသုံးအဆောင်များပါဝင်သည့် သေတ္တာ၊ ရေသန့်ဆေးပြားများကို ရေဘေးသင့်ပြည်သူများထံသို့ ပေးအပ်ခဲ့ကြောင်း ကရင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

ထို့အတူ မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကျပ်သိန်း ၁,၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထံမှ သိရသည်။

လက်ရှိကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်နှင့် လှိုင်းဘွဲ့ မြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရာတွင် ဇူလိုင် ၂၄ ရက်နေ့အထိ ဘားအံမြို့နယ်အတွင်း ရေဘေးရှောင်သူ ၄၄၀၀ ကျော်သာရှိခဲ့၍ ရေဘေးရှောင်စခန်း ၈ ခုဖွင့်လှစ်ထားရာမှ ဇူလိုင် ၂၅ ရက်နေ့တွင် ရေဘေးရှောင်သူ ၆၀၀၀ အထိတိုးမြင့်လာခြင်းကြောင့် ရေဘေးရှောင်စခန်း ၂ ခုထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ရပြီး လက်ရှိကရင်ပြည်နယ်အတွင်း ရေဘေးရှောင်သူဦးရေ ၁၅၀၀၀ ကျော်အထိရှိကြောင်း ပြည်နယ်အစိုးရထံမှသိရသည်။

R-17



FOLLOW US