News

POST TAGGED AS

အတိုင်ပင်ခံပုဂ္ဂိုလ်

မိုဘိုင်းလ်ဖုန်း၊ ကွန်ပျူတာ ဖက်တွယ်နေရုံဖြင့် လူ့အသိုင်းအဝိုင်းအတွက် များစွာအကျိုးပြုမည်မဟုတ်ဟု နိုင်ငံတော် အတိုင်ပင်ခံပြော
နေပြည်တော်၊ ဇူလိုင် ၃

မိုဘိုင်းလ်ဖုန်းနှင့် ကွန်ပျူတာကို ဖက်တွယ်နေရုံဖြင့် လူ့အသိုင်းအဝိုင်းအတွက် များစွာအကျိုးပြုမည်မဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဇူလိုင်လ ၃ ရက်က ကျင်းပသော မြန်မာအမျိုးသမီးများနေ့၌ ပြောကြားသည်။

“အချင်းချင်းပူးပေါင်းမယ့်အစား ထိုင်ပြီးတော့ ကိုယ့်ကွန်ပျူတာလေးနဲ့ ကိုယ့်ရဲ့ဖုန်းလေးနဲ့ပဲ ဖက်တွယ်နေမယ်ဆိုရင် လူ့အသိုင်းအဝိုင်းအတွက် အများကြီးတော့ အကျိုးပြုမှာ မဟုတ်ပါဘူး။ နည်းပညာတွေ အများကြီးရမယ်။ ဗဟုသုတွေ အများကြီးရမယ်။ သို့သော်လည်း ကောင်းတဲ့ဗဟုသုတလား၊ ဆိုးတဲ့ ဗဟုသုတလားဆိုတာ ခွဲလို့မရဘူး။ အားလုံးဝင်လာမှာ ဒါကြောင့် ကိုယ့်ဘာသာအကောင်းအဆိုး၊ အကြောင်းအကျိုးခွဲခြားတတ်တဲ့၊ ခွဲခြားချင်တဲ့ ဆန္ဒဖြစ်ပါတယ်။ အားလုံးကိုလည်း သင်ပေးစေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

လက်ရှိကာလသည် ကာယဗလ ခေတ်မဟုတ်ဘဲ နည်းပညာခေတ်ဖြစ်လာသောကြောင့် အမျိုးသားများနည်းတူ အမျိုးသမီးများကလည်း လုပ်ဆောင်နေကြပြီဖြစ်ကြောင်း၊ မြန်မာ့ပညာရေးစနစ်ကို ကြည့်မည်ဆိုပါက အမျိုးသမီးများသည် ပညာအရ ရှေ့ပြေးနေကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ၎င်းက “ကျွန်မတို့နိုင်ငံမှာ ပညာရေးကဏ္ဍမှာ ကလေးတွေကို သင်သူ ၁၀၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသမီးတွေအနေနဲ့ ကလေးများ စိတ်ဓာတ်ပြုစုပျိုးထောင်ရေးကို အဓိကထားပြီးတော့ စဉ်းစားစေချင်ပါတယ်။ တချို့က အမျိုးသားတွေလည်းပါရမယ်။ ဖခင်တွေလည်းပါရမယ်။ ဒါက မှန်ပါတယ်။ စိတ်ဓာတ်ရေးရာမှာ ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတာ စဉ်းစားစေချင်ပါတယ်”ဟု ဆိုသည်။ 

လက်ရှိခေတ်တွင် မြေးများက အဘိုး၊ အဘွားတို့ကို စိတ်မဝင်စားဘဲ Cell Phone ကို စိတ်ဝင်စားလာခြင်းမှာ ဝမ်းနည်းစရာဖြစ်သောကြောင့် လူသားအချင်းချင်း ဆက်ဆံတတ်ရေးနှင့် လူသားအချင်းချင်း ဆက်ဆံမှု ပိုမိုကြီးထွားကောင်းမွန်လာစေရန် သင်ကြားပေးသင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။  




FOLLOW US