News

POST TAGGED AS

အတုများ

ကုမ္ပဏီမှတ်ပုံတင်ကြေး ထက်ဝက်လျှော့
ရန်ကုန်၊ မတ် ၁၃

အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီမှတ်ပုံတင်ကြေးကို လက်ရှိ ကျပ်ငါးသိန်း ကောက်ခံနေရာမှ လာမည့်ဧပြီလ ၁ ရက်နေ့မှစ၍ ကျပ်နှစ်သိန်းခွဲသို့ လျှော့ချကောက်ခံမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။

ယင်းကဲ့သို့ မှတ်ပုံတင်ကြေးလျှော့ချပေးရခြင်းမှာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရေးနှင့် မှတ်ပုံတင်ခြင်း မပြုသေးဘဲ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများမှာ ကုမ္ပဏီအဖြစ် ပြောင်းလဲထူထောင်ပြီး လုပ်ငန်းများ ချဲ့ထွင်နိုင်ရန်အတွက်ဖြစ်ကြောင်း ယင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

“ဒီလိုမျိုး သတ်မှတ်ပေးလိုက်တော့ စီးပွာရေးလုပ်ငန်းတော်တော်များများက ကုမ္ပဏီအဖြစ် မှတ်ပုံတင်နိုင်မယ်။ MIC မှာ မှတ်ပုံတင်ထားခြင်းအားဖြင့် လုပ်ငန်းအလိုက်ပေးထားတဲ့ အခွန်သက်သာခွင့်တွေ၊ အခြားခံစားခွင့်တွေရမယ်”ဟု ၎င်းက ဆိုသည်။

ကုမ္ပဏီမှတ်ပုံတင်သည့်အခါ လုပ်သားဦးရေ ၃၀ အောက်နည်းပြီး ကုမ္ပဏီမတည်ငွေ ကျပ်သိန်း ၅၀ အောက် နည်းပါးသည့်ကုမ္ပဏီများကို အသေးစားကုမ္ပဏီများအဖြစ် သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ ကျန်ကုမ္ပဏီများကိုလည်း လုပ်သားနှင့် မတည်ငွေကို စစ်ဆေးပြီး အလတ်စားနှင့် အကြီးစားဟူ၍ သတ်မှတ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယင်းကဲ့သို့ အသေးစား၊ အလတ်စား ခွဲခြားရခြင်းမှာ ကုမ္ပဏီအသေးများက တစ်နှစ်တစ်ကြိမ် စာရင်းဝင်စစ်ခြင်းကို မခံရမည့်အပြင် ဒါရိုက်တာတစ်ဦးတည်းဖြင့်လည်း ကုမ္ပဏီတည်ထောင်ခွင့် ရရှိမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“ဒါက တခြားနိုင်ငံတွေနဲ့လည်း မှတ်ပုံတင်ကြေးက သက်သာခွင့်ချင်း တူတာပေါ့။ ကုမ္ပဏီဖြစ်သွားတော့ ငွေချေးတဲ့အခါ ပိုပြီးခိုင်မာတဲ့အတွက် မှတ်ပုံတင်ကြေးလျှော့တာ ပြည်တွင်းလုပ်ငန်းတွေကို ပိုပြီးအကျိုးရှိပါတယ်”ဟု ကျောက်မျက်လုပ်ငန်းရှင် ဦးသောင်းထွန်းက ပြောကြားသည်။

အများနှင့်မသက်ဆိုင်သော ကုမ္ပဏီမှတ်ပုံတင်ကြေးကို ယခင် ကျပ် ၁၀ သိန်း ကောက်ခံရာမှ ၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ကျပ်ငါးသိန်းသို့ လျှော့ချသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 

အများပိုင်ကုမ္ပဏီများ၏ ကုမ္ပဏီမှတ်ပုံတင်ကြေးမှာမူ လက်ရှိကောက်ခံနေသည့် ကျပ် ၂၅ သိန်းပင်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ငါးသောင်းကျော်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

J-13



FOLLOW US