News

POST TAGGED AS

အဆုံးစီရင်

ဧရာဝတီမြစ် ကမ်းပါးပြိုကာကွယ်ရေး သစ်ပင်ကြီးများ စိုက်ပျိုးရန်စီစဉ်

မန္တလေး၊ မေ ၅

မန္တလေးတိုင်းအတွင်း ဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ်ရိုးတစ်လျှောက် ကမ်းပါးပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နံရံများတည်ဆောက်ခြင်းအပြင် နှစ်ရှည်ပင်များ စိုက်ပျိုးသွားရန်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

“ကမ်းပါးပြိုကာကွယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ ကမ်းထိန်းနံရံတွေ တည်ဆောက်ပါတယ်။ အဲ့ဒါနဲ့အတူ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်ပြီးတော့ ကမ်းပါးကာကွယ်ရေးကိုလည်း အထောက်အကူပြုနိုင်မယ့် အပင်တွေစိုက်ပျိုးဖို့ စီစဉ်တာပါ”ဟု ယင်းဌာန တိုင်းဦးစီးမှူး ဦးတိုးအောင်လင်းက ပြောကြားသည်။

ကမ်းထိန်းနံရံ ဆောက်လုပ်ထားပြီး နေရာများတွင် ကမ်းပါးကာကွယ်ရေးကို အထောက်အကူပြုနိုင်မည့် ကိုင်းပင်ကဲ့သို့သော အပင်များကို စိုက်ပျိုးသွားမည်ဖြစ်ပြီး နှစ်ရှည်ပင်ကြီးများကို ကမ်းထိန်းနံရံ၏ အထက်ပိုင်းတွင် စိုက်ပျိုးရန်စီစဉ်ထားကြောင်း ၎င်းကပြောဆိုသည်။

“ပြီးခဲ့တဲ့တစ်ပတ်ကပဲ မတ္တရာမြို့နယ်ထဲက နေရာအချို့မှာ ကွင်းဆင်းပြီးတော့ လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ တချို့နေရာတွေက အပင်ကြီးတွေစိုက်ဖို့ နေရာ အနေအထားရှိပေမယ့် တချို့နေရာတွေကတော့ ကျေးရွာတွေက ကမ်းပါးနဲ့ကပ်နေတဲ့အတွက် အပင်စိုက်ဖို့နေရာ မရှိပါဘူး။ အဲဒီတော့ ဘယ်နေရာမှာ ဘယ်အပင်တွေ စိုက်ဖို့သင့်လဲဆိုတာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့တိုင်ပင်နေပါတယ်”ဟု ဦးတိုးအောင်လင်းက ထပ်မံ ပြောဆိုသည်။

ကမ်းပါးပြိုကာကွယ်ရေးအတွက် သစ်ပင်စိုက်ပျိုးရန် လိုအပ်သည့်နေရာများကို ရေအရင်းအမြစ်ဌာနက ရွေးချယ်ပေးမည်ဖြစ်ပြီး သစ်တောဦးစီးဌာနက ဒေသနှင့်လိုက်လျောညီထွေ ရှိသည့်အပင်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်သိန်းက ပြောကြားသည်။

“ခုလောလောဆယ်တော့ ကမ်းပါးတွေမှာစိုက်ဖို့ မအူပင်အပင် နှစ်သောင်း ပျိုးထားတယ်”ဟု ၎င်းကပြောဆိုသည်။

လက်ရှိတွင် ရေအရင်းအမြစ်ဌာန၊ သစ်တောဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနတို့က မတ္တရာမြို့နယ်အတွင်း လေ့လာမှုများ ပြုလုပ်ထားပြီး ပထမအဆင့်အနေနှင့် ကျေးရွာလေးခုမှ နေရာလေးခုတွင် စတင်စိုက်ပျိုးရန် စီစဉ်ထားသည်။

ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် မိုးရာသီရေများချိန်၌ မြစ်ရေတက်ကာ ကမ်းပါးပြိုမှုများ ဖြစ်ပေါ်နေသည့်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နှစ်စဉ် ကျေးရွာ ၂၀ ဝန်းကျင်ကို ကမ်းပါးပြိုကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေရသည်။

M-04



FOLLOW US