News

POST TAGGED AS

အဆင့်မြင့်

အဆင့်မြင့်ပညာဥပဒေကြမ်းကိစ္စ ဆွေးနွေးခွင့်ပြုရန်ကျောင်းသားများ တောင်းဆို
ရန်ကုန်၊ ဇူလိုင် ၁၈
 
ကျောင်းသားနှင့် ပြည်သူကို အခြေခံသော အဆင့်မြင့်ပညာရေးဥပဒေတစ်ရပ် ပေါ်ထွန်းလာရေး ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တရားဝင်တွေ့ဆုံဆွေးနွေးခွင့်ပြုရန် တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ဇူလိုင်လ ၁၇ ရက်တွင် တောင်းဆိုသည်။

အဆင့်မြင့်ပညာရေး ဥပဒေပေါ်ထွန်းရေး ဇူလိုင်လ ၁၄ ရက်နှင့် ၁၅ ရက်က တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၆၀ ကျော် စုပေါင်းကာ ပခုက္ကူတက္ကသိုလ်၌ မျက်နှာစုံညီ အစည်းအဝေးကျင်းပခဲ့ပြီး တွေ့ဆုံညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီးနောက် ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်။ 

တွေ့ဆုံညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ဝင် ပခုက္ကူတက္ကသိုလ်ကျောင်းသား ကိုသက်မောင်မောင်က အဆင့်မြင့်ပညာရေးဥပဒေကြမ်း ရေးဆွဲပြီး၊ မပြီး၊ မပြီးသေးလျှင်လည်း ကျောင်းသားများပါဝင်ရေးဆွဲခွင့်ပြုရေးနှင့် ရေးဆွဲပြီးလျှင် ဆရာနှင့်ကျောင်းသားများကို ချပြမည့်အချိန်ကို မေးခွန်းထုတ်သည်။

ထို့ကြောင့် တွေ့ဆုံညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့အနေနှင့် ပညာရေးဝန်ကြီးဌာနကိုယ်စားပြုသော တွေ့ဆုံဆွေးနွေးခွင့်ရှိသူများ၊ လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခွင့်ပြုရန် တောင်းဆိုခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေနှင့် အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းကို ၂၀၁၇ ခုနှစ် ဩဂုတ်လရက်စွဲဖြင့် ရေးဆွဲပြီးဖြစ်ကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော အခြေခံပညာ နှီးနှောဖလှယ်ပွဲတက်ရောက်သူများကို ဖြန့်ဝေခဲ့သည်။ သို့သော် တိုက်ရိုက်သက်ဆိုင်သည့် တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသားများထံ တရားဝင်ချပြခြင်း မရှိသေးပေ။

အဆင့်မြင့်ပညာညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “ဥပဒေမူကြမ်းက ပြုပြင်ပြောင်းလဲပြီးတော့ ရှေ့နေချုပ် သဘောထားတို့ တောင်းထားတယ်။ အဲဒါတွေ ပြန်မလာသေးဘူး။ သဘောထားတွေရရင် အခြေခံဥပဒေလိုလုပ်မှာ။ အကြံပြု ချက်တွေကို လွှတ်တော်ကို တိုက်ရိုက်ဆက်သွယ်ပါတို့ သတင်းစာကနေ ချပြမယ်”ဟု ပြောကြားသည်။

အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ကျောင်းသားသမဂ္ဂများအနေနှင့် တွေ့ဆုံညှိနှိုင်းခွင့်ရရန် စာတင်တောင်းဆို၍ လွှတ်တော်မှဆင့်ခေါ်လျှင် သွားရောက်တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

တွေ့ဆုံညှိနှိုင်းခွင့်ပြုရေးဝန်ကြီး ဌာနအနေနှင့် ဇူလိုင် ၂၇ ရက်နောက်ဆုံးထား အကြောင်းပြန်ပေးရန်နှင့် အကြောင်းပြန်ခြင်းမရှိပါက ကျောင်းသားသမဂ္ဂများနှင့် ဆွေးနွေးကာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ထံမှ သိရသည်။ 

J-19



FOLLOW US