News

POST TAGGED AS

အဆင့်မြင့်

အဆင့်မြင့်တက္ကသိုလ်တစ်ခု နေပြည်တော်တွင် ဖွင့်မည်
နေပြည်တော်၊ ဖေဖော်ဝါရီ ၇

ပညာပေါင်းစုံကိုက်ညီမည့် အဆင့်မြင့်တက္ကသိုလ်တစ်ခုကို မြန်မာနိုင်ငံ၏ အစိုးရရုံးများတည်ရှိရာ နေပြည်တော်တွင် တည်ဆောက်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားလိုက်သည်။

ယနေ့ (ဖေဖော်ဝါရီ ၇) ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှက နေပြည်တော်တွင် အဆင့်မြင့်တက္ကသိုလ်တစ်ခုကို နိုင်ငံ၏လိုအပ်ချက်၊ မြို့တော်အင်္ဂါရပ်နှင့် အညီဖွင့်လှစ်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူရေးကို အထောက်အကူပြုစေရန် အတတ်ပညာပေါင်းစုံ၊ ပညာရပ်ပေါင်းစုံနှင့် အသက်မွေးဝမ်းကျောင်း ပညာပေါင်းစုံကို ဒေသ၏လိုအပ်ချက်အရ ကိုက်ညီဖြည့်ဆည်းပေးနိုင်မည့် Comprehensive University တစ်ခု ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

တက္ကသိုလ် တည်ဆောက်နိုင်ရေးအတွက် မြေနေရာ အကျယ်အဝန်း၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်မှု၊ အင်္ဂါရပ်များနှင့် ပြည့်စုံသည့် နေရာရရှိမှုတို့အတွက် နေပြည်တော်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြေနေရာသတ်မှတ်ပြီးပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်ရရှိရေးအတွက် လိုအပ်သော ဘဏ္ဍာငွေကို တွက်ချက်တင်ပြသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိပါက တက္ကသိုလ် ထူထောင်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ပညာရေးကောလိပ် ၂၅ ခုအပါအဝင် တက္ကသိုလ်ကောလိပ် ၁၆၀ ခု ရှိကြောင်း မေးခွန်းမေးမြန်းသူ ဦးတင်လှက ဆိုသည်။  

S-01



FOLLOW US