News

POST TAGGED AS

အစ္စရေး

16-Jul-2018

အစ္စရေး
ဂါဇာဒေသရှိ ဟားမတ်စ်အုပ်စုကို အစ္စရေးတို့က လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အပြင်းထန်ဆုံး ထိုးစစ်ဆင်


တဲလ်အဗစ်၊ ဇူလိုင် ၁၅

အစ္စရေးနိုင်ငံသည် ဂါဇာဒေသရှိ ဟားမတ်စ်စစ်သွေးကြွပစ်မှတ်များကို ၂၀၁၄ ခုနှစ်စစ်ပွဲနောက်ပိုင်း အပြင်းထန်ဆုံး ထိုးစစ်အဖြစ် တိုက်ခိုက်ချေမှုန်းခဲ့သည်ဟု ဝန်ကြီးချုပ် ဘန်ဂျာမင်နေတန်ညာဟုက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

BBC သတင်းဌာနက ၎င်း၏ ပြောကြားချက်ကို ကိုးကားဖော်ပြရာတွင် ယင်းသို့တိုက်ခိုက်ခြင်းသည် အစ္စရေးဘက်သို့ ဂါဇာဘက်မှစစ်သွေးကြွများက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်လာမှုကို လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်များအဆိုအရ စနေနေ့က ဂါဇာစီတီကို အစ္စရေးတို့ လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိသွားသည်။ အစ္စရေးဘက်တွင်မူ ဟားမတ်စ်စစ်သွေးကြွများက ဒုံးကျည် ၉၀ ကျော်ခန့်ဖြင့် ပစ်ခတ်ခြင်းကြောင့် သုံးဦးဒဏ်ရာရရှိသွားသည်။ 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဂါဇာဒေသကိုလေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ဟားမတ်စ်စစ်သွေးကြွတို့ အသုံးပြုသည့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးပစ်နိုင်ခဲ့သည်ဟု ဆိုသည်။ 

“ကာကွယ်ရေးဝန်ကြီး၊ စစ်ဦးစီးချုပ် အပါအဝင် အစ္စရေးနိုင်ငံ၏ ထိပ်တန်းလုံခြုံရေးကွပ်ကဲရေးဌာနတို့နှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ဟားမတ်စ်စစ်သွေးကြွတို့၏ အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားရန် ကျွန်ုပ်တို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်”ဟု ဝန်ကြီးချုပ် နေတန်ညာဟုက ဗီဒီယိုမိန့်ခွန်းတွင်ပြောကြားသည်။ 

င်္IDF သည် ၂၀၁၄ ခုနှစ် စစ်မက် ပဋိပက္ခနောက်ပိုင်း အပြင်းထန်ဆုံးပုံစံဖြင့် ဟားမတ်စ်စစ်သွေးကြွ ပစ်မှတ်များကို ချေမှုန်းတိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ 

မည်သို့ပင်ဆိုစေ ပါလက်စတိုင်း အစိုးရအရာရှိကြီးများ၏ ထုတ်ပြန်ချက်အရ ယခုအခါ အီဂျစ်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြားဝင်ဖျန်ဖြေမှုကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိသွားပြီဖြစ်သည်။ သို့သော် ယင်းသတင်းနှင့်ပတ်သက်၍ အစ္စရေးတို့က တစ်စုံတစ်ရာ တုံ့ပြန်မှုမပြုပေ။ 

မျက်မြင်သက်သေများ၏ အဆိုအရ အစ္စရေးတို့၏ လေကြောင်းမှ ထိုးစစ်ဆင်မှုက ဂါဇာစီတီရှိ အဆောက်အအုံလွတ်တစ်ခုကို ထိမှန်ခဲ့ကြောင်း၊ ထိခိုက်သေဆုံး ဒဏ်ရာရသူများမှာ ယင်းအဆောက်အအုံဘေးမှ ဖြတ်သန်းသွားသူများဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ 

သောကြာနေ့ကလည်း နယ်စပ်ဒေသတွင်ဖြစ်ပေါ်သော ဆူပူဆန္ဒပြပွဲ၌ အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းလူမျိုးတစ်ဦး သေဆုံးသွားသည်ဟု ဟားမတ်အဖွဲ့က ပြောကြားသည်။ 

IDF ကမူ ဟားမတ်စ်တို့သည် ဂါဇာဒေသမှနေ၍ အစ္စရေးဘက်သို့ ဒုံးကျည်များစွာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြောကြားသည်။ 

လတ်တလောကာလများအတွင်း ဂါဇာဒေသတွင် ဆူပူအကြမ်းဖက်မှုများ မြင့်တက်လာသည့်နည်းတူ အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား တင်းမာမှုလည်း ပိုမိုမြင့်တက်လျက်ရှိသည်။ 

ယခုနောက်ဆုံးထွက်ပေါ်လာသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်ပတ်သက်၍ အစ္စရေးအရာရှိကြီးများက ထင်မြင်သုံးသပ်ချက် တစ်စုံတစ်ရာမပေးခဲ့ပေ။ သို့သော် အစ္စရေးတို့၏ ပြုမူလုပ်ဆောင်မှုသည် ပကတိမြေပြင်တွင်ဖြစ်ပေါ်နေသော အခြေအနေများပေါ်တွင် မူတည်နေမည်ဟူသော သဘောမျိုး ထုတ်ဖော်ပြသထားသည်။ 

F-01



FOLLOW US