News

POST TAGGED AS

အစ္စရေး

ဂါဇာဒေသ အမျိုးသမီးဆေးအမှုထမ်း အစ္စရေးစနိုက်ပါကြောင့်သေဆုံးမှုအပေါ် ပါလက်စတိုင်းတို့အမျက်ထွက်


ဂါဇာ၊ ဇွန် ၃

ဂါဇာနှင့် အစ္စရေးနယ်စပ်ဒေသတွင် သီတင်းပတ်အတော်ကြာမျှဖြစ်ပွားခဲ့သော ဆူပူဆန္ဒပြပွဲကြီး၌ အစ္စရေးတပ်ဖွဲ့က စနိုက်ပါဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သော ပါလက်စတိုင်းလူမျိုး စေတနာ့ဝန်ထမ်း အမျိုးသမီးဆေးအမှုထမ်း၏ ဈာပနသို့ ပါလက်စတိုင်း ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြောင်းနှင့် ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အစ္စရေးစစ်တပ်က စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်မည်ဖြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ရာဇန်အယ်လ်နာဂျာသည် အသက် ၂၁ နှစ်အရွယ် စေတနာ့ဝန်ထမ်းဆရာဝန်တစ်ဦးဖြစ်ပြီး သောကြာနေ့က နယ်စပ်ဒေသ ဆူပူအကြမ်းဖက်မှုတွင် ထိခိုက် ဒဏ်ရာရသူများကို ကယ်တင်ကုသပေးရန် လူအုပ်ကြီးထဲသို့ပြေးသွားခဲ့စဉ် အစ္စရေးစနိုက်ပါသမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။ 

Aljazeera သတင်းဌာန၏ ဖော်ပြချက်အရ ရာဇန်အယ်လ်နာဂျာသည် ဒဏ်ရာရရှိထားသော ဆန္ဒပြသူတစ်ဦးကို ကယ်ထုတ်ရန် ကြိုးပမ်းစဉ် စနိုက်ပါသေနတ်ဖြင့် အပစ်ခံခဲ့ရခြင်းဖြစ်သည်။ ရာဇန်အယ်လ်နာဂျာ၏ ရင်ဘတ်ကို ကျည်ဆန်တစ်တောင့် ဖောက်ထွင်းသွားခဲ့သည်။ 

အဆိုပါဖြစ်ရပ်ကြောင့် မေလ ၃၀ ရက်နေ့မှစတင်ခဲ့သည့် ပါလက်စတိုင်းတို့၏ နယ်စပ်ဒေသဆန္ဒပြပွဲကြီးအတွင်း အစ္စရေး တပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် သေဆုံးသူများအနက် ရာဇန်အယ်လ်နာဂျာသည် ၁၁၉ ဦးမြောက် ပါလက်စတိုင်းလူမျိုး ဖြစ်သွားသည်။ 

ယင်းဆန္ဒပြပွဲတွင် ဒဏ်ရာ ရရှိခဲ့သူ စုစုပေါင်း ၁၃၀၀၀ ကျော်ခန့်ရှိသည်ဟု ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။ 

ပါလက်စတိုင်းတို့သည် ၁၉၄၈ ခုနှစ်ကတည်းက စတင်ပျောက်ဆုံးသွားသော နယ်မြေဒေသနှင့် နေအိမ်များတွင် ပြန်လည်နေထိုင်ခွင့် ရရှိရေးအတွက် ဂါဇာနှင့်အစ္စရေးနယ်စပ်ဒေသ၌ ဆန္ဒပြလျက်ရှိသည်။ 

အစ္စရေးစစ်တပ်က နယ်စပ်ခြံစည်းရိုးကို ဖြိုလှဲဖောက်ထွင်းရန်ကြိုးပမ်းသူများကိုသာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားပြီး ယင်းသို့ ဆူပူအုံကြွမှုဖြစ်ပွားရန် ဟားမတ်စ်အုပ်စုက ကြိုးကိုင်နေခြင်း ဖြစ်သည်ဟု စွပ်စွဲသည်။ 

သို့သော် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးဆိုင်ရာ အရာရှိကြီးများက အစ္စရေးသည် အချိုးအစားမျှတမှုမရှိသော အင်အားသုံးကာ ဆန္ဒပြပွဲကိုဖြိုခွင်းခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။ 

စနေနေ့က ကျင်းပပြုလုပ်သော ရာဇန်အယ်လ်နာဂျာ ဈာပနတွင် ပါလက်စတိုင်းအလံအုပ်ထားသော သူမ၏ ရုပ်အလောင်းကို ဂါဇာဒေသလမ်းမများကို ဖြတ်သန်းကာ သယ်ဆောင်ခဲ့ကြသည်။ ရာဇန်အယ်လ်နာဂျာ၏ ဖခင်ဖြစ်သူက သွေးပေစွန်းနေသော သူမ၏ ဆေးအမှုထမ်း သုံးဂျက်ကင်ကို ကိုင်ဆောင်ထားခဲ့သည်။ ဈာပနလိုက်ပို့သော အခြားသူများက ရာဇန်အယ်လ်နာဂျာအတွက် လက်စားချေရန် တောင်းဆိုခဲ့ကြသည်။ 

ပါလက်စတိုင်း ကျန်းမာရေးအဖွဲ့ (MRS) က သတင်းထုတ်ပြန်ရာတွင် “ကျန်းမာရေးအမှုထမ်းတစ်ဦးကို ပစ်ခတ်ခြင်းသည် ဂျနီဗာကွန်ဗင်းရှင်းအရ စစ်ရာဇဝတ်မှုပင်ဖြစ်တော့သည်” ဟု ဖော်ပြထားသည်။ 

အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ကုလသမဂ္ဂသံတမန် နစ်ကိုလေမီလာဒန် နော့ဗ်က အစ္စရေးတို့အနေနှင့် အင်အားသုံးဖြေရှင်းမှုများကို လျှော့ချရန် လိုအပ်သလို ဟာမတ်စ်တို့အနေနှင့်လည်း နယ်စပ်ဒေသ ပြဿနာများမဖြစ်ပွားအောင် ကာကွယ်ရန် လိုအပ်သည်ဟု ပြောကြားသည်။ 

အစ္စရေးစစ်တပ်ကမူ ဂါဇာနယ်စပ် ဒေသတစ်လျှောက်တွင် မိမိတို့တပ်ဖွဲ့ဝင်များကို စစ်သွေးကြွများက သေနတ်များ၊ လက်ပစ်ဗုံးများအသုံးပြုကာ မကြာခဏ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

F-01



FOLLOW US