News

POST TAGGED AS

အစ္စလာမ်

10-Sep-2018

ဂျာမနီ
ရွှေ့ပြောင်းအခြေချမှုနှင့် ပတ်သက်၍အရှေ့နှင့် အနောက်ဂျာမနီအကြား သဘောထားအမြင်ကွဲလွဲ
ချမ်းမနစ်ဇ်-ဘာလင်၊ စက်တင်ဘာ ၉

ဂျာမနီနိုင်ငံတွင် ချမ်းမနစ်ဇ်မြို့၌ လက်ယာစွန်းမျိုးချစ်အင်အားစုများ ဆူပူအုံကြွမှုပေါ်ပေါက်ခဲ့ပြီးနောက် ပြုလုပ်သော သုတေသနစစ်တမ်းတစ်ရပ်အရအစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒနှင့်ပတ်သက်၍သော်လည်းကောင်း၊ ရွှေ့ပြောင်းဝင်ရောက် အခြေချသူများနှင့် ပတ်သက်၍လည်းကောင်း အရှေ့နှင့်အနောက်ဒေသတွင် နေထိုင်သော ဂျာမန်လူမျိုးများအကြား သဘောထားကွဲပြားလျက်ရှိသည်ကို တွေ့ရကြောင်း DW သတင်းဌာနက ရေးသား ဖော်ပြသည်။ 

DeutschlandTrend သုတေသန စစ်တမ်းအရ အန်ဂလာမာကယ်လ်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒနှင့်ပတ်သက်၍ အနောက်ဂျာမနီဒေသရှိ ပြည်နယ်များမှ ပြည်သူများနှင့် အရှေ့ဂျာမနီမှ ပြည်သူများ အကြား သိသာထင်ရှားစွာ ကွဲပြားသည့် အမြင်သဘောထားများ ရှိနေသည်ကိုတွေ့ ရသည်ဟု ဆိုသည်။ 

သို့သော် အရှေ့ရောအနောက်ပါ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာများအား အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံများနှင့်ပတ်သက်၍ စိုးရိမ်စိတ်မြင့်တက်လျက် ရှိသည်ဟူသောအချက်မှာ တူညီနေသည်။ ဂျာမနီနိုင်ငံသား ၄၉ ရာခိုင်နှုန်းက ရွှေ့ပြောင်းအခြေချသူများပြဿနာကို မှန်ကန်စွာ ဖြေရှင်းနိုင်ခြင်းမရှိဟု ခံစားရှုမြင် ကြသည်။ 

သို့သော်လည်း ယခင်အရှေ့ဂျာမနီ ထဲတွင်ရှိခဲ့သော ပြည်နယ်များတွင်နေထိုင်သူ ဂျာမန်များက အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို အနောက်ဂျာမနီမှ ပြည်သူများထက် ပို၍ မကျေမနပ်ဖြစ်လျက်ရှိသည်။ ထို့ပြင် အရှေ့ဂျာမနီမှ ဂျာမန်လူမျိုးများက ဂျာမနီနိုင်ငံတွင်းမှ အင်စတီကျူးရှင်းများအပေါ် အနောက်ဂျာမနီမှ ပြည်သူများလောက် ယုံကြည်မှုမရှိကြသည်ကို တွေ့ရကြောင်း စစ်တမ်းက ဖော်ပြသည်။ 

အနောက်ဂျာမနီရှိ ပြည်နယ်များတွင် နေထိုင်သူများ၏ ၈၅ ရာခိုင်နှုန်းက ၎င်းတို့သည် ဂျာမန်ရဲတပ်ဖွဲ့အပေါ် လွန်စွာယုံကြည်မှုရှိသည်ဟု ဆိုကြသည်။ အရှေ့ဂျာမနီတွင် ထိုသို့ ပြောဆိုဖြေကြားသူဦးရေမှာ ၆၉ ရာခိုင်နှုန်းဖြစ်သည်။ 

တရားစီရင်ရေးစနစ်နှင့်ပတ်သက်၍လည်း အနောက်ဂျာမနီဒေသမှ လူ ၁၀ ဦးတွင် ၇ ဦးက တရားရုံးများ ကိုယုံကြည်မှုရှိသည်ဟုဆိုသော်လည်း အရှေ့ဂျာမနီတွင်မူ ယင်းသို့ယုံကြည်သူမှာ ၁၀ ဦးလျှင် ၅ ဦး ဖြစ်သည်။ မီဒီယာများ၏ ရေးသားဖော်ပြမှုနှင့်ပတ်သက်၍လည်း အရှေ့ဂျာမနီမှ ပြည်သူ ၂၉ ရာခိုင်နှုန်းကသာ ယုံကြည်စိတ်ချရ သည်ဟုရှုမြင်ကြသည်။ အနောက်ဂျာမနီတွင်မူ မီဒီယာများအပေါ် ယုံကြည်စိတ်ချသူဦးရေမှာ ၅၂ ရာခိုင်နှုန်းဖြစ်သည်။ 

ယင်းစစ်တမ်းတွင် စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ အရှေ့အလယ်ပိုင်းဒေသမှ ဒုက္ခသည်များဝင်ရောက်လာမှုကို စိုးရိမ်ထိတ်လန့်မှု မြင့်တက်လျက်ရှိသလို လက်ယာစွန်း ဗ်ီပါတီ၏လုပ်ကိုင်ဆောင် ရွက်မှုများအပေါ် စိုးရိမ်မကင်းဖြစ်မှုလည်း မြင့်တက်လျက်ရှိသည်။ 

ဗ်ီကဲ့သို့သောပါတီမျိုးကို ဂျာမန်ထောက်လှမ်းရေးအနေနှင့် စောင့်ကြည့်သင့်သလောဟူသော မေးခွန်းအတွက် စစ်တမ်းဖြေကြားသူ ၆၅ ရာခိုင်နှုန်းက စောင့်ကြည့်သင့်သည်ဟု ဖြေဆိုသည်။

F-01



FOLLOW US