News

POST TAGGED AS

အစိုးရ

28-Aug-2018

အစိုးရ
ငါးမင်းဆွေကို အစိုးရအပေါ် အကြည်ညိုပျက်အောင် ရေးသားလှုံ့ဆော်မှုဖြင့် စွဲချက်တင်
ရန်ကုန်၊ ဩဂုတ် ၂၇ 

အစိုးရအပေါ် အကြည်ညိုပျက်အောင် ရေးသားလှုံ့ဆော်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားသူ ငါးမင်းဆွေကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဖြင့် စွဲချက်တင်စစ်ဆေးရန် ဩဂုတ်လ ၂၇ က အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ 

အနောက်ပိုင်းခရိုင်တရားရုံးရှိ ရုံးခန်းအမှတ် (၃) တွဲဖက်ခရိုင် တရားသူကြီး (၂) တရားခွင်တွင် စစ်ဆေးခံနေရသူ ငါးမင်းဆွေက အမျိုးသားရင်ကြားစေ့ရေးအတွက် ဦးတည်ကာ တိုင်းပြည်အကျိုးအတွက် ရေးသားခဲ့ခြင်းဖြစ်သောကြောင့် ၎င်းမှာအပြစ်မရှိကြောင်း ရုံးတော်ရှေ့တွင် ငြင်းဆိုခဲ့သည်။ 

လာမည့် စက်တင်ဘာလ ၄ ရက်နေ့ ရုံးချိန်းတွင် ငါးမင်းဆွေကို စစ်ဆေးမည်ဖြစ်ကာ အဆိုပါ ရုံးချိန်း၌ ငါးမင်းဆွေက ၎င်းရေးသားခဲ့သည့် ဆောင်းပါးနှင့် စာများကို ရုံးတော်သို့ သက်သေအဖြစ် တင်ပြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) မှာ မည်သူမဆို နှုတ်/စာ/အမှတ်အသား/ထင်ရှားသော ပုံသဏ္ဌာန်တစ်ခုခုဖြင့် ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက် သို့မဟုတ် ပြည်ထောင်စုအဖွဲ့ ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မလိုမုန်းထားအောင်လည်းကောင်း၊ မလေးမစားအောင်လည်းကောင်းပြုလျှင်သို့ တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင် သို့တည်းမဟုတ် ထိုသို့ လှုံ့ဆော်အောင် အားထုတ်လျှင် ထိုသူကို ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဖြစ်စေ၊ ငွေဒဏ်နှင့်အတူ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး အဓိပ္ပာယ်ဖွင့်ဆိုချက်အရ သိရသည်။

S-03



FOLLOW US