News

POST TAGGED AS

အစိုးရ

ရေဘေးအတွက် မကွေးအစိုးရပြင်ဆင်
မကွေး၊ ဩဂုတ် ၂

မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးအန္တရာယ်ကြုံတွေ့ပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း ကော်မတီက စက်လှေ ၂၆ စင်း ထောက်ပံ့ပေးထားကြောင်း ယင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။

တိုင်းအတွင်းရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက လူနာများကို သယ်ဆောင်ရန်၊ စားနပ်ရိက္ခာများပေးပို့ရန်နှင့် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်ရန်အတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မကွေးတိုင်းအနေနဲ့ ရေကြီးမှုတွေ နှစ်စဉ်ခံစားနေရတဲ့ တိုင်းနဲ့ပြည်နယ်တစ်ခု အပါအဝင်ဖြစ်တယ်။ အဲဒီလိုဖြစ်လို့ ရှာဖွေကယ်ဆယ်ရေးတွေလုပ်တဲ့အခါ ပိုမိုထိရောက်ပြီး မြန်ဆန်စေဖို့ ဒီစက်လှေတွေကို အသုံးပြုသွားမှာပါ”ဟု ဦးမြင့်စိုးက ပြောဆိုသည်။

အဆိုပါ စက်လှေတစ်စင်းတွင် အလျား ပေ ၂၀ ၊ အနံ ၅ ပေ၊ အမြင့် ၂ ပေနှင့် ပုံမှန်စွမ်းအင် (Normal Power) ၂၉ ဒသမ ၄ ကီလိုဝပ်ရှိပြီး တစ်စီးလျှင် ကျပ်သိန်း ၃၀ တန်ဖိုးရှိကြောင်း ယင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

ယခင်က ရေကြီးရေလျှံမှုဖြစ်ပေါ်ပါက ကူညီကယ်ဆယ်ရန် စက်လှေကြီး တစ်စင်းသာ ရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်မှစတင်ကာ မကွေးတိုင်းမီးသတ်ဦးစီးဌာနတွင် Soft Boat ၆ စင်းနှင့် ရော်ဘာလေသွင်းလှေ ၄ စင်း ရှိခဲ့ရာမှ ယခုကဲ့သို့ စက်လှေများ ထပ်မံပံ့ပိုးပေးသဖြင့် ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်း တိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က ဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ကာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီမှ ထောက်ပံ့သည့် စက်လှေ ၁၀ စင်း စတင်ရောက်ရှိနေပြီး ထပ်မံရောက်ရှိလာမည့် စက်လှေများကိုလည်း တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် လိုအပ်သည့်ခရိုင်များကို ခွဲဝေပေးအပ်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။ 

R-23



FOLLOW US