News

POST TAGGED AS

အစိုးရ

25-Jul-2018

စစ်တွေ
စစ်တွေ-ရန်ကုန် ကားလမ်း ရေကျော်၍ လမ်းပိတ်၊ ယာဉ်လိုင်းအချို့ ရပ်နား
စစ်တွေ၊ ဇူလိုင် ၂၅

ရခိုင်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ စစ်တွေ-ရန်ကုန် ကားလမ်းတွင် ရေကျော်ကာ လမ်းပိတ်ဆို့နေသဖြင့် ရခိုင်ပြည်နယ် အခြေစိုက် ခရီးသည်ယာဉ်များ ရပ်နားထားရကြောင်း ရခိုင်ပြည်နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။

အမ်းမြို့နယ် ရန်ကုန်- စစ်တွေ ကားလမ်း နေရာ ၈ ခုခန့်တွင် ရေကျော်မှုများဖြစ်နေ၍ ခရီးသည်ကား၊ ကုန်တင်ကားများ ပိတ်ဆို့နေသည်မှာ ၂ရက်ခန့်ရှိနေပြီး ဇူလိုင်လ ၂၅ ရက်အထိ ကားအစီးရေ ၁၀၀ခန့် ပိတ်ဆို့နေကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ်မှ ရန်ကုန်၊ မန္တလေးသို့ ပြေးဆွဲသော ခရီးသည်ယာဉ်လိုင်းအချို့ ရပ်နားထားရကြောင်း ရခိုင်ပြည်နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးချမ်းအေးက ပြောသည်။

“ဒီကထွက်သွားတဲ့ကားတွေ အခု ပြန်လာနေကြပြီ၊ ကျွန်တော့်ကားတွေကိုတော့ ပိတ်ထားလိုက်ပြီ။ စစ်တွေကထွက်တဲ့ကားတွေကလည်း အမ်းကိုမရောက်နိုင်ဘူး။ ရန်ကုန်၊ မန္တလေးကလာတဲ့ ကားတွေကလည်း စစ်တွေကိုမရောက်နိုင်ဘူး ဖြစ်နေတယ်”ဟု စစ်တွေ-ရန်ကုန် ပြေးဆွဲသည့် အောင်ပြည့်စုံယာဉ်လိုင်းမှ ဂိတ်မှူးလည်းဖြစ်သူ ဦးချမ်းအေးက ရှင်းပြသည်။

စစ်တွေ၊ ရန်ကုန်၊ မန္တလေးသို့ ပြေးဆွဲနေကြသည့် ခရီးသည်ယာဉ်လိုင်းနှင့် ကုန်တင်ကားယာဉ်လိုင်းမှာ ၄၆ လိုင်းရှိကြောင်း ရခိုင်ပြည်နယ် မထသထံမှ သိရသည်။

“ကျွန်တော်က ၂၆ ရက်နေ့ သွားမလို့ လက်မှတ်ဖြတ်ထားတာ အခု ရေကြီးပြီး လမ်းတွေပိတ်နေလို့ ကားမသွားတော့ဘူးတဲ့၊ သူတို့(ယာဉ်လိုင်း)က ၂၈ ရက်နေ့ကို ရက်ချိန်းပေးထားတယ်၊ ဒီလိုသာ မိုးရွာနေရင် အဲဒီနေ့တောင် အတိအကျ မသိရသေးဘူး”ဟု ကျောက်တော်မြို့နယ်တွင် နေထိုင်သူ ဦးညီညီက ပြောသည်။

အမ်းမြို့နယ်တွင် ဇွန်လက မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရန်ကုန်-စစ်တွေ ကားလမ်းပေါ် ရေကျော်မှုဖြစ်ပြီး ကားလမ်းများ ပိတ်ဆို့ခဲ့ကြောင်း၊ ယင်းအပြင် တောင်ကျရေ စီးဆင်းမှုကြောင့် မောင်နှမ ၂ ဦး ကားနှင့်အတူ မျောပါသေဆုံးခဲ့သည်။

R-22



FOLLOW US