News

POST TAGGED AS

အစိုးရ

ရန်ကုန်တိုင်းရှိ အစိုးရဆေးရုံအချို့ အဆင့်မြှင့်မည်


ရန်ကုန်၊ ဇူလိုင် ၁၉ 

ရန်ကုန်ဆေးရုံကြီးသို့ လာရောက်သည့် လူနာများပြားသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအချို့ကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး၊ အရေးပေါ်ကုသမှု ဆေးပညာဌာန၊ အရေးပေါ်တာဝန်ခံ ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောကြားသည်။

“ရန်ကုန်ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပ ဆေးရုံကြီးကိုတော့ လုပ်ပြီးပြီ။ နောက်တစ်ခုက သင်္ဃန်းကျွန်းဆေးရုံပေါ့။ သန်လျင်နဲ့ လှိုင်သာယာဆေးရုံကို ခုတင် ၂၀၀ အဖြစ်ဆောင်ရွက်နေတယ်။ မပြီးသေးဘူး”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ လူနာအများစုသည် ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ပြသမှု များပြားကြောင်း၊ ထို့အတွက် သန်လျင်ဆေးရုံကြီးနှင့် လှိုင်သာယာဆေးရုံကြီးကို အဆင့်မြှင့်တင်လိုက်ပါက ခရမ်း၊ သုံးခွ၊ ပဲခူး၊ သနပ်ပင်၊ သီလဝါ စသည့်နေရာများမှ လူနာများအနေနှင့် အဆိုပါဆေးရုံများတွင် လိုအပ်သည့်ကုသမှုများကို ရရှိနိုင်မည်ဖြစ်သောကြောင့် ရန်ကုန်ဆေးရုံကြီးသို့ လာရောက်သည့်လူနာများ တစ်စိတ်တစ်ပိုင်း လျော့သွားနိုင်ကြောင်း ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ကုသမှု ဆေးပညာဌာနထံမှ သိရသည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ နေ့စဉ်လာရောက်ပြသသည့် လူနာဦးရေ မှာ ၄၅၀ မှ ၅၀၀ ဦးကြားရှိပြီး အသက်အန္တရာယ်ရှိသည့် လူနာ၊ သာမန်လူနာနှင့် အရေးပေါ်မဟုတ်သည့် လူနာဟူ၍ ခွဲခြားထားကြောင်း၊ ယင်းအထဲတွင် အသက်အန္တရာယ်ရှိသည့် လူနာ ၁၀ ရာခိုင်နှုန်း၊ အလယ်အလတ်ကုသမှု လိုအပ်သည့် လူနာ ၇၀ ရာခိုင်နှုန်းခန့် လာရောက်ပြသလျက်ရှိကြောင်း ယင်းဌာနထံမှသိရသည်။

J-12



FOLLOW US