News

POST TAGGED AS

အစိုးရ

01-Jul-2018

အီတလီ အစိုးရ
ရွှေ့ပြောင်းဒုက္ခသည် ကယ်ဆယ်ရေးသင်္ဘော ဒေါက်တင်ခွင့် အီတလီအစိုးရသစ် တားမြစ်
ရောမ၊ ဇွန် ၃၀

ရွှေ့ပြောင်းဒုက္ခသည် ကယ်ဆယ်ရေး သင်္ဘောအီတလီဆိပ်ကမ်းများသို့ ဝင်ရောက် ဒေါက်တင်ပြင်ဆင်ခွင့်ကို အီတလီအစိုးရသစ်က တားမြစ်လိုက်ပြီး ယင်းဖြစ်စဉ်သည် တစ်လအတွင်း သုံးကြိမ်မြောက် ငြင်းဆိုမှုဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အများပြည်သူ့ တည်ငြိမ်အေးချမ်းမှု အနှောင့်အယှက်ဖြစ်စေသဖြင့် စပိန်အကူအညီပေးရေး Open Arms သင်္ဘောဝင်ရောက်မှု ပိတ်ပင်ပေးရန် လက်ယာစွန်းခေါင်းဆောင် မတ်တီယိုဆယ်ဗီနီ ဦးဆောင်သည့် ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်တောင်းဆိုထားကြောင်း အီတလီပို့ဆောင်ရေးဝန်ကြီး ဒါနီလိုတိုနီလီက ပြောကြားသွားသည်။

မှောင်ခိုမော်တော်ဘုတ်များပေါ်တွင် ပြွတ်သိပ်လိုက်လာသည့် ရွှေ့ပြောင်းများကို သယ်ဆောင်ပေးနေသည့် အကူအညီပေးရေးသင်္ဘောများ ဆိပ်ကမ်းသို့ဝင် ရောက်ခွင့်ပိတ်ပင်ရေး ဆယ်ဗီနီ ဦးဆောင်ကြိုးပမ်းလျက်ရှိသည်။

ရွှေ့ပြောင်း ၆၃၀ ဦး သယ်ဆောင်လာသည့် The Aquarius၊ ၂၃၀ ဦး သယ်ဆောင်လာသည့် Lifeline သင်္ဘောတို့ ဝင်ရောက်ခွင့် အီတလီအစိုးရ ပိတ်ပင်ခဲ့ခြင်းကြောင့် စပိန်နှင့် မော်လတာတို့သို့ သွားရောက်ဆိုက်ကပ်ခဲ့ရသည်။

လက်ရှိ Open Arms သင်္ဘောပေါ်တွင်မူ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးမျှ လိုက်ပါလာခြင်းမရှိပေ။

၂၀၁၄ ခုနှစ်နောက်ပိုင်းမှစတင်၍ အီတလီသို့ ရွှေ့ပြောင်းနေထိုင်သူ ၆ သိန်းခွဲကျော် ရောက်ရှိလာခဲ့ပြီး ယင်းအနက်အများစုကို လစ်ဗျားကမ်းလွန်တွင် ပုဂ္ဂလိကနှင့် အစိုးရပိုင်အုပ်စုများက ကယ်တင်ပေးခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွင်းမူ အီတလီသို့ ဝင်ရောက်သူသည် ၁ သိန်း ၇ သောင်းသာ ရှိတော့သည်။ လစ်ဗျားမှသည် ရွှေ့ပြောင်းများ စတင်ထွက်ခွာရာ အဓိကစမှတ်ဖြစ်ပြီး ပင်လယ်ပြင်ကို ဖြတ်ကျော်ရန် ကြိုးစားရင်း ယခုနှစ်အတွင်း လူ ၁၀၀၀ ခန့်သေဆုံးထားသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။  

F-05




FOLLOW US