News

POST TAGGED AS

အစိုးရ

လိုင်စင်မရှိဘဲ ငွေချေးလုပ်ငန်း လုပ်ကိုင်သည့်ကုမ္ပဏီများကို အရေးယူရန်စီစဉ်
ရန်ကုန်၊ ဇွန် ၁၆

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တောင်သူများကို အယုံသွင်း၍ ငွေချေးပေးမည်ဟုဆိုကာ ငွေကြေးကောက်ခံမှုများ ရှိနေသည့်အတွက် ယင်းကုမ္ပဏီများကို သတ်မှတ်ချက်များအရ လုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေမှုကို တည်ဆဲဥပဒေများအရ စိစစ်၍ အရေးယူရန်စီစဉ်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့က သတိပေးထုတ်ပြန်သည်။ 

လယ်ယာမြေ လုပ်ကိုင်ခွင့်ပြု (ပုံစံ-၇) မိတ္တူကို အာမခံရယူ၍ လယ်တစ်ဧကလျှင် ကျပ်ငါးသိန်း၊ ၁၀ သိန်းနှုန်းဖြင့် ချေးငွေ ထုတ်ပေးမည်ဟု ပုဂ္ဂလိက ကုမ္ပဏီအချို့က ငွေချေးယူရန်လျှောက်ထားသူ တောင်သူတစ်ဦးလျှင် ကျပ် ၅၀၀၀၊ ၇၀၀၀၊ ၁၀၀၀၀ စသည်ဖြင့် ကော်မရှင်ခ၊ ကနဦး ထည့်ဝင်ကြေးများ ကောက်ခံလျက်ရှိသည်ဟု သိရှိရကြောင်း စီမံ/ဘဏ္ဍာဝန်ကြီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့ဘက်မှာ တောင်သူတစ်ယောက်ကို ကော်မရှင်ခ သုံးထောင် ကောက်တာပါ။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းကပဲချေးချေး အတိုးနည်းရင်တော့ တောင်သူတွေဘက်က ချေးမှာပဲလေ။ အတိုးကလည်း တစ်ကျပ်တိုးနဲ့ဆိုတော့။ အစိုးရက ပုံစံ-၇ ကို မူရင်းနဲ့ချေးတာလေ။ သူတို့က မိတ္တူနဲ့ တောင်သူတွေကိုယုံလို့ ချေးပေးတာ။ ဒါကိုအရေးယူမယ်ဆိုတာတော့ သိပ်မဟုတ်သေးဘူး”ဟု ဒလမြို့နယ်မှ တောင်သူဦးဆွေဦးက သုံးသပ်ပြောကြားသည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်လိုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းအနေနှင့် အသေးစား ငွေရေး ကြေးရေး လုပ်ငန်းဥပဒေအရ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရှိပြီး အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ခွင့်ပြုချက် ရရှိသည့် လုပ်ငန်းများသာ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး ခွင့်ပြုချက် မရရှိဘဲ ငွေချေးလုပ်ငန်း ဆောင်ရွက်နေသည့်ကုမ္ပဏီများကို အရေးယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တောင်သူများအနေနှင့် ငွေချေးလုပ်ငန်းလိုင်စင်မရှိသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ ဝင်ရောက်စည်းရုံးပါက သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ သတင်းပေးပို့ဆောင်ရွက်နိုင်ပြီး ကနဦး ထည့်ဝင်ကြေးများ ပေးသွင်းထားပါကလည်း အဆိုပါ ကုမ္ပဏီများထံမှ အမြန်ပြန်လည်တောင်းခံကြရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားသည်။

J-11



FOLLOW US