News

POST TAGGED AS

အစိုးရ

အစိုးရဘိုးဘွားရိပ်သာ

လွှတ်တော်က မူကြိုနှင့်တူသည်။ စားတာရော၊ သွားတာရော၊ နေတာတွေရောက ကလေးတွေ မူကြိုတက်နေသလိုဖြစ်သည်။ ကျောင်းအုပ်ကြီးနှင့်တူသော လွှတ်တော်ဥက္ကဋ္ဌက မူကြိုကို ဦးဆောင်သည်။ ဆရာမတွေနှင့်တူသော ဝန်ကြီးတွေက အမတ်ကလေးတွေကို ရှင်းပြပေးရသည်။ ကလေးတွေကလည်း ဝန်ကြီးတွေ ပြောတာကို နားမလည်ကြပါ။ မူကြိုလွှတ်တော်အကြောင်း ဖတ်ချင်ရင်တော့ စိုပြေ ရေးထားတာရှိသည်။ ရှာရမလွယ်ရင် အင်တာနက်မှာသာ ရှာလိုက်ပါ။

လွှတ်တော်က မူကြိုဆိုတော့ အစိုးရကရော ...။ မူလတန်းလား၊ အလယ်တန်းလား။ တက္ကသိုလ် ကျောင်းသားကြီးတွေလား ...။ မဟုတ်ပါ။ လွှတ်တော်က မူကြိုပေမယ့် အစိုးရကတော့ ဘိုးဘွားရိပ်သာရောက်နေပြီ။

ဟိုတစ်လောက စီမံဘဏ္ဍာဝန်ကြီးကို စစ်ဆေးသံတွေ ကြားရသည်။ မကြာခင် ဝန်ကြီးဦးကျော်ဝင်း နုတ်ထွက်သွားသည်။ တချို့ကတော့ နုတ်ထွက်တာ မဟုတ်။ ဖြုတ်ပစ်တာဟု ပြောကြသည်။

ဒါကလည်း မြန်မာပြည်မှာ ခန့်မှန်းလို့မရ။ ဦးသန်းရွှေခေတ်တုန်းကလည်း ဒီလိုပဲဖြစ်သည်။ ကိုယ့်လူကိုယ်ကို ညှာတာသည်။ ပြည်သူတွေ အထင်သေးမှာကို မလိုလား။ ဖြုတ်ပစ်သည်ဟု ပြောလျှင်ရိုင်းသည်။ ပြည်သူတွေကလည်း တစ်မျိုးထင်မည်။

ဒီတော့ မိမိဆန္ဒအလျောက် ရာထူးမှ အနားယူခွင့်ပြုလိုက်သည်တို့၊ ကျန်းမာရေး အခြေအနေကြောင့် အနားယူခွင့်ပြုလိုက်သည်တို့ဆိုပြီး ထုတ်ပြန်လေ့ရှိသည်။ တကယ်ဆို ဘယ်သူက ရာထူးကနေ အနားယူချင်မတုံး။ လခကလည်း ကောင်းသည်။ တစ်လကို သိန်းသုံးဆယ်။ အဆောင်အယောင်တွေကလည်း ရသေး။ အိမ်နဲ့ကားနဲ့ လုံခြုံရေးနဲ့ ဘယ်လောက်မိုက်လိုက်သလဲ ...။

ပြီးတော့ လခတင်မက ... ဘာညာတွေကလည်း ရှိသေးသည်။ လခထက်တောင် ပိုများပုံရသည်။ အင်းလေ ...။ ဒါကြောင့်လည်း အနားပေးလိုက်တာဖြစ်မှာ ပေါ့လေ။ ခက်တာက မဖုံးနိုင် မဖိနိုင် လာဘ်စားလို့မိရင် ကိုယ့်လူဆိုရင် အနားပေးသည်။ ကိုယ့်လူမဟုတ်ရင် လူသိရှင်ကြား သတင်းထုတ်ပြန်ပြီး ထောင်ချတတ်တာလည်း အခုအစိုးရလက်ထက် တိုးတက်မှုဟုဆိုရမည်။

အဲ့တော့ စီမံဘဏ္ဍာ ဝန်ကြီးဌာနမှာ ဝန်ကြီးမရှိတော့။ ဒီတော့ ဝန်ကြီးအသစ် ခန့်မှရမည်။ ဒီခေတ်ကြီးထဲမှာ ဝန်ကြီးကလည်း ရှားသည်။ ရှားတာလည်း မပြောနှင့် တကယ် လုပ်နိုင်သူတွေက မလုပ်ချင်။ ဝန်ကြီးလုပ်ရင် အဆဲခံရမှာကိုး။ အရင်ဝန်ကြီးတုန်းကလည်း တော်တော်လေး အဆဲခံရသည်။ မြန်မာပြည်ကို ဂေါ်ဇီလာဖြစ်အောင် လုပ်မည်ပြောလိုက်။ ဂျက်လေယာဉ် လုပ်လိုက်နဲ့ ... ဆိုတော့ ပြည်သူတွေလည်း ကြောက်လန့်ပြီး ဆဲကုန်ရော။

အခုလည်း လုပ်နိုင်သူတွေက ခေါင်းရှောင်ပြီ။ ရှောင်မယ်ဆိုရင်လည်း ရှောင်ချင်စရာ။ ဒီခေတ်မှာ တိုးတက်ဖို့ကလည်း လမ်းမမြင်။ တိုင်းရင်းသားဒေသတွေမှာက စစ်ပွဲတွေ။ နယ်စပ်မှာက ဘင်္ဂလားနဲ့ ဘာလိုလို။ စီးပွားရေးတွေကလည်း အရင်ကထက်ကျ။ ဒီတော့ ဝန်ကြီးလုပ်ရင် သေချာပေါက် အဆဲခံရကိန်းကို။

ဒါကို အစိုးရကလည်း သိသည်။ တော်ရုံလူဆိုရင်တော့ အဆဲဒဏ်ကို ခံနိုင်မှာမဟုတ်။ ပြည်သူတွေကဝိုင်းဆဲလို့ ပြန်ဆဲရင်လည်း သိက္ခာကကျဦးမည်။ အဲ့တော့ ဝန်ကြီးအဖြစ် ရွေးစရာက ရှားသည်။ ဒါကြောင့် အစိုးရကလည်း တွေးသည်။ မြန်မာပြည်သူတွေက အသက်ကြီးဆိုရင်တော့ ရိုသေကြသည်။ ဒီလိုနဲ့ ဝန်ကြီးကို အသက် ၈၀ အရွယ်ကြီး ရွေးလိုက်သည်။ အသက်က တော်တော်ကြီးတော့ ပြည်သူတွေ မဆဲလောက်။ ဆဲရင် ငရဲကြီးမည်။ ပြည်သူတွေလည်း ငရဲကြီးမှာ ကြောက်ပြီးမဆဲကြတော့ ...။ တော်တော်ကို တော်သည့်အစိုးရ။

လူငယ်တွေ ဒီလောက်ရှိနေတာကို ဒါကြီးကိုမှ ရွေးရသလားကွာဆိုပြီး ပြည်သူတွေက အံ့ဩသည်။ အတိုက်အခံသမားတွေက လန့်သွားသည်။ အဘတွေကတောင် အဘပြန်ခေါ်ရမယ့် အရွယ်ကြီးကို ရွေးလိုက်တာကိုး။ ဒါကလည်း နိုင်ငံရေး အားသာချက်ဖြစ်သည်။ အဘတွေက အဘပြန်ခေါ်ရပြီဆို အတိုက်အခံလည်း ငြိမ်သွားနိုင်သည်။ လော်ဘီတွေကတော့ အေးဆေးပါ။ မဟာသီယာတောင် ၉၂ နှစ်ရှိတာ အစိုးရ ပြန်လုပ်တုန်းဆိုပြီး ထောက်ပြသည်။ အဲ့တော့ အဘဘက်တော်သားတွေကလည်း ဦးသန်းရွှေကြီး ပြန်ခေါ်လိုက်ရမလားဆိုပြီး ပြန်တမ်းတသည်။

နောက်တော့ အစိုးရအဖွဲ့က လူတွေရဲ့ အသက်တွေကို ပြန်တွက်ကြသည်။ အကုန်လုံးက အသက် တော်တော်ကြီးကြသည်။ တော်တော်များများက အသက် ၇၀ ကျော်သည်။ ၆၀ အောက်က တော်တော်ရှားသည်။

ပြည်သူတွေလည်း မသဲကွဲ ...။ နေပြည်တော် အစိုးရအဖွဲ့လား။ ဘိုးဘွားရိပ်သာက ဘိုးဘွားတွေလားဆိုတာ။

အဲ့တော့မှ လူငယ်တွေဟာ ဂျင်းထည့်ခံရမှန်း သိတော့သည်။ ပြောလိုက်ရင်တော့ လူငယ်တွေကို အားကိုးပါတယ်။ လူငယ်တွေပဲ တိုင်းပြည်ကို ဦးဆောင်ရမှာ ...။ ဘာညာနဲ့ ...။ အာဏာရှိသူတွေကို ကြည့်လိုက်တော့ လူကြီးတွေချည်းသာ။ လူကြီးတွေ တိုက်ချင်သည့်စစ်ပွဲကို လူငယ်တွေက တိုက်ပေးရ။ လူကြီးတွေ လိုချင်သည့်အာဏာကိုရဖို့ လူငယ်တွေက လုပ်ပေးရ။ လူငယ်တွေကတော့ ဆန္ဒပြဖို့နှင့် စစ်တိုက်ဖို့လောက်သာ အသုံးဝင်သည်ဟု တွေးကုန်ကြသည်။

ဘာပဲဖြစ်ဖြစ် အခုတော့ လူကြီးတွေ လုပ်သမျှ နာခံဖို့သာ ရှိတော့သည်။ လူကြီးတွေလည်း အသက်ကြီးပြီဆိုတော့ သိပ်တော့မကြာနိုင်။ အနားတွေ ဘာတွေ ယူနိုင်သည်။ လူကြီးတွေ မရှိတော့ရင်တော့ လူငယ်တွေ နေရာရနိုင်သည်။ နေရာရချိန်မှာ အခုလူငယ်တွေလည်း လူကြီးတွေဖြစ်လောက်ပြီ။

ဟုတ်တော့လည်း ဟုတ်သည်။ တကယ်တော့ ခေတ်အဆက်ဆက် အစိုးရအဖွဲ့ဆို ဘိုးဘွားရိပ်သာပဲ ဖြစ်သည်။ လူငယ်တွေဟာ ဘိုးဘွားရိပ်သာမှာ ဘာသွားလုပ်မတုံး။ လူကြီးဖြစ်မှ ဘိုးဘွားရိပ်သာ ရောက်မှာပေါ့။ ဒီတော့ အာဏာရချင်ရင် အစိုးရဖြစ်ချင်ရင် မြန်မြန်အသက်ကြီးဖို့သာ ဆုတောင်းကြပေတော့ ...။ ဒါမှ နေပြည်တော် အစိုးရဘိုးဘွားရိပ်သာကို ရောက်မှာ။

စိုပြေ



FOLLOW US