News

POST TAGGED AS

အစိုးရ

18-May-2018

ရန်ကုန် YBS
YBS ၉၃ ယာဉ်လိုင်း ယာဉ်ရပ်နားကွင်း ပြောင်းမည်
ရန်ကုန်၊ မေ ၁၇

လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းအနေနှင့် YBS ၉၃ ယာဉ်လိုင်း စတင်ပြေးဆွဲချိန်က ယာယီယာဉ်ရပ်နားကွင်းကို အသုံးပြုခဲ့ပြီး ဇွန် ၁ ရက်တွင် အနောက်ပိုင်းတက္ကသိုလ်ယာဉ်ရပ်နားကွင်းသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ယာဉ်ရပ်နားဝင်း တည်ဆောက်နေတာ လုပ်ငန်းတွေ ပြီးစီးလုနီးပါးဖြစ်နေပါပြီ။ ဒါကြောင့် ဇွန်လ ၁ ရက် နေ့မှာ ၉၃ ယာဉ်လိုင်းရဲ့ ယာဉ်စီးရေ ၅၀ ရပ်နားတဲ့ ဂိတ်ရင်းကို ပြောင်းရွှေ့ဖို့ စီမံထားတယ်” ဟု ၎င်းက ဆိုသည်။

YBS ၉၃ ယာဉ်လိုင်းကို ၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက်က စတင်ပြေးဆွဲရာတွင် ယာဉ်ရပ်နားဝင်း ဆောက်လုပ်ဆဲကိစ္စရပ်ကြောင့် မူလဂိတ်ရင်းဖြစ်သော ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကို အခြေပြုပြေးဆွဲနိုင်ခြင်းမရှိဘဲ တညင်းကုန်းလက်ကားဈေးသစ်ကြီးကို ဂိတ်ရင်းအဖြစ် ယာယီသတ်မှတ်ကာ အခြေပြုပြေးဆွဲခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်လမ်းကြောင်းအနေနှင့် ယခင်ဂိတ်ရင်းအဖြစ် တညင်းကုန်းလက်ကားဈေးသစ်ကြီးလမ်းကြောင်းမှ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (WYU) ဟု ပြောင်းလဲသတ်မှတ်ကာ ပြေးဆွဲပေးတော့မည်ဖြစ်ပြီး ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် - ရန်ကုန်ဘူတာကြီးခရီးစဉ်အစအဆုံး၏ လမ်းကြောင်းမြေပုံနှင့်တကွ မှတ်တိုင်အမည်များ၊ ဖြတ်သန်းရာမြို့နယ်များ၊ လမ်းအမည်များကိုပါ အသိပေးထားကြောင်း လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းကုမ္ပဏီထံမှ သိရသည်။

YBS ၉၃ ယာဉ်လိုင်းအနေနှင့် ယာဉ်စီးရေ ၅၀ စီးဖြင့် အနောက်ပိုင်းတက္ကသိုလ်၊ အလယ်ရွာ၊ ဘူတာဈေး၊ တညင်းကုန်းလမ်းဆုံ၊ ခရေပင်လမ်းခွဲ၊ အမှတ် ၃ လမ်း၊ အောင်မင်္ဂလာအဝေးပြေး၊ မြောက်ဥက္ကလာပအဝိုင်း၊ ဂန္ဓမာဟိုလ်စေး၊ ဝေယန္တာလမ်း၊ အသင်းတိုက်၊ ကြက်ဘဲဈေး၊ ABC၊ ပုဇွန်တောင်ဈေး၊ လမ်း ၅၀၊ အနော်ရထာလမ်း၊ ရန်ကုန်ဘူတာကြီးတို့ကို ပြေးဆွဲလျက်ရှိသည်။

လူထုမိတ်ဆွေကုမ္ပဏီသည် Power Eleven ကုမ္ပဏီနှင့် Aung Myin Thu Group ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းခြင်းဖြစ်ပြီး တရုတ်နိုင်ငံထုတ်ယာဉ်သစ် ၅၀၀ ဖြင့် ယာဉ်လိုင်းကိုးလိုင်းကို ပြေးဆွဲရန် စီစဉ်ထားကာ လက်ရှိ YBS ၉၄ ကွန်ပျူတာတက္ကသိုလ်-ကြည့်မြင်တိုင်-ဘူတာကြီး ခရီးစဉ်ယာဉ်လိုင်း၊ YBS ၇၈ ကွန်ပျူတာ တက္ကသိုလ်-အင်းစိန်-ဘူတာကြီးခရီးစဉ် ယာဉ်လိုင်းတို့ကို ယာဉ်စီးရေ ၁၀၀ ဖြင့် ပြေးဆွဲလျက်ရှိသည်။

J-06



FOLLOW US