News

POST TAGGED AS

အစိုးရ

02-Jun-2017

အစိုးရ
အစိုးရသစ်လက်ထက် ရန်ကုန်တိုင်းအတွင်း မြေယာအငြင်းပွားမှု တစ်မှုမျှ အပြီးအပြတ် မရှင်းနိုင်ဟုဆို
ရန်ကုန်၊ ဇွန် ၂

အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာအငြင်းပွားမှု တစ်မှုမျှ အပြီးအပြတ် မဖြေရှင်းနိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားသိမ်းဆည်းမှု ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းမြင့်က ပြောကြားသည်။

ဇွန်လ ၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ဆုံးဖြတ်ချက် မချနိုင်ပါဘူး။ ဗဟိုကို တင်ပြရတာပါ။ ဗဟိုကနေ ကျွန်တော်တို့ဆီကို ပြန်ကျလာတာတော့ မရှိသေးပါဘူး” ဟု ဦးသန်းမြင့်က ဆိုသည်။

ကော်မတီသည် ဆုံးဖြတ်ချက် မချနိုင်သော်လည်း ဆက်လက်စစ်ဆေးရန် သို့မဟုတ် အမှုပိတ်သိမ်းရန်အတွက် အကြံပြုချက်များနှင့် ဗဟိုသို့ တင်ပြလိုက်သော်လည်း ဗဟိုမှ ဆုံးဖြတ်၍ ပြန်လည်ပေးပို့လာသည့် အမှုတစ်မှုမျှ မရှိကြောင်း The Voice သို့ ရှင်းလင်းပြောဆိုသည်။

လယ်ယာမြေနှင့် အခြားသိမ်းဆည်းမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ တင်ပြထားသော အမှုမှာ ၅၉ မှု ရှိသည်ဟု ၎င်းက ဆိုသည်။

စတုရန်း ၃၀၆ မိုင် ကျယ်ဝန်းသော ရန်ကုန်မြို့တွင် မြေသိမ်းမှုများမှာ စည်ပင်သာယာ၊ မြို့ရွာနှင့် အိုးအိမ်နှင့် တပ်မတော်တို့နှင့် အများဆုံး ပတ်သက်လျက်ရှိကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ  သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၉၅၈-၁၉၅၉ ခုနှစ်များတွင် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် သာတေက မြို့နယ်တို့ကို လည်းကောင်း၊ ၂၀ဝ၂ ခုနှစ် ဝန်းကျင်တွင် လှိုင်သာယာ၊ ရွှေပြည်သာ စသည့် မြို့နယ်တို့ကိုလည်း တိုးချဲ့တည်ဆောက်ခဲ့ပြီး မြေများစွာကို သိမ်းယူခဲ့သည်။

လက်ရှိတွင် ဘုရင့်နောင်ပွဲရုံဝင်း ပြောင်းရွှေ့မည့် မြေနေရာဖြစ်သော ရွှေပြည်သာ၊ ဝါးတစ်ရာစက်မှုဇုန် အနီးတွင်လည်း မြေယာအငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိပြီး လှည်းကူးမြို့နယ် ဘက်တွင်လည်း လယ်ယာမြေကို အကွက်ရိုက်၍ ရွာတည်ထောင်နေမှုများ ဖြစ်ပေါ်လျက် ရှိသည်။



FOLLOW US