News

POST TAGGED AS

အစိုးရ

12-Aug-2016

အစိုးရ
အစိုးရသစ် ရက်တစ်ရာ စီမံကိန်း ယခင်အစိုးရ လက်ထက် လုပ်ဆောင်မှုနှင့် ကွာခြားမှု မရှိဟုဆို
နေပြည်တော်၊ သြဂုတ် ၁၂

NLD အစိုးရ လက်ထက်တွင် ဆောင်ရွက်ခဲ့သော ရက်တစ်ရာ စီမံကိန်းသည် ယခင်ဦးသိန်းစိန် အစိုးရ လက်ထက်က လုပ်ဆောင်မှုများနှင့် ကွားခြားသော တိုးတက်ပြောင်းလဲမှုများ မရှိကြောင်း ဝန်ကြီးဌာနသုံးခုမှ တာဝန်ရှိပုဂ္ဂိုလ်များက ဝန်ခံပြောကြားသည်။ 

နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနရုံးတွင် ယနေ့ပြုလုပ်သော ရက်တစ်ရာ စီမံကိန်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“တိုင်းပြည်ကို စီမံအုပ်ချုပ်တဲ့ အပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ဘာမှမကွာပါဘူး။ အဓိကကတော့ စေတနာနဲ့ ကောင်းရာကောင်းကျိုး အတွက်ပဲ လုပ်ကြတာပါပဲ၊ ကျန်တော် နားလည်သလောက်တော့ နမူနာပြတဲ့ သဘောပါပဲ” ဟု လျပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောကြားသည်။

လက်ရှိ ရက်တစ်ရာ စီမံကိန်းကဲ့သို့ ယခင်အစိုးရ လက်ထက်၌လည်း အဆင့်ဆင့် စီမံကိန်းများ ချမှတ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အခက်ခဲများကို အမြန်ဆုံးဆောင်ရွက်၍ ဆက်တိုက်လုပ်ဆောင်သွားရဦးမည် ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်က ဆိုသည်။
“ဒီရက်တစ်ရာမှာ ထိထိရောက်ရောက်နဲ့ အချိန်တိုအတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ လုပ်ငန်းအနေနဲ့က နောင်လည်း ဆက်ပြီးတော့ လုပ်သွားရမှာပဲဆိုတော့ ကွာခြားမှု အနေနဲ့ သီးခြား မရှိပါဘူးလို့ သုံးသပ်ပါတယ်” ဟု ၄င်းက ပြောကြားသည်။

ယခင်ဦးသိန်းစိန် အစိုးရလက်ထက်နှင့် လက်ရှိအစိုးရလက်ထက် နှိုင်းယှဉ်ပါက အထက်တွင် ဖြေကြားခဲ့သော အမြဲတမ်း အတွင်းဝန်များ၏ သဘောထားနှင့် ထပ်တူကြသည်ဟုသာ ပြောကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ထပ်လောင်းပြောကြားသည်။
“အရှေ့ကဖြေတဲ့ အဖြေတွေနဲ့ အတူတူပါပဲ။ သတိထားမိတဲ့ အချက်ကတော့ ပိုမိုအလေးပေးပြီး ပီပြင်တဲ့ ဦးတည်ချက်နဲ့ သွားနေတာ တွေ့ရပါတယ်” ဟု ၄င်းက ဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နေပြည်တော်၊ တံတားဦး၊ မြစ်ကြီးနား၊ ဟဲဟိုး၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ စစ်တွေ၊ မော်လမြိုင်နှင့် ကျောက်ဖြူလေဆိပ်တို့တွင် လေယာဉ်ဆီဌာနခွဲ ၁၁ ခုကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း လျပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောကြားသည်။



FOLLOW US