News

POST TAGGED AS

အစိုးရ

10-Mar-2017

အစိုးရ
သင်္ကြန်ကာလ ရုံးပိတ်ရက်ကို တစ်ဝက် အမှန်တယ် လျှော့ချတော့မှာလား
ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့၏ စာတစ်စောင်ကြောင့် နိုင်ငံ့ဝန်ထမ်းများအကြား ဂယက်ထသွားခဲ့ကြသည်။ ထိုစာပါ သတင်းကြောင့် မကြာခင် ကျရောက်တော့မည့် သင်္ကြန်ကာလ နှစ်သစ်ကူး ရုံးပိတ်ရက်များအတွင်း မိဘရပ်ထံ ပြန်ကြမည့် ဝန်ထမ်းများ၊ ဒုလ္လလ ဝတ်ကြမည့်သူများ၊ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်သမျှကို အပန်းဖြေခရီးထွက်ရန် စီစဉ်ထားကြသည့် ဝန်ထမ်းများ ရတက်မအေးဘဲ သောကပွားခဲ့ရသည်ဟု ဆိုသည်။ သူတို့အတွက် နိုင်ငံတော်က လစာမတိုးပေးသည်ကို မပြောလို၊ ယခုကဲ့သို့ တစ်နှစ်မှတစ်ခါ စိတ်လွတ်ကိုယ်လွတ် ခံစားရသည့် နှစ်သစ်ကူး သင်္ကြန်ကာလ ရက်ရှည်ရုံးပိတ်ရက်ကလေးကိုတော့ဖြင့်မူ အထိအပါးမခံလို၊ သက်ညှာစဉ်းစားပေးကြစေလိုကြောင်း ပြောဆိုလာနေကြသည်။

ပြည်ထောင်စုအစိုးရက ထုတ်ပြန်သည့် စာပါအကြောင်းအရာအရဆိုလျှင် နှစ်သစ်ကူး ရုံးပိတ်ရက် ၁၀ ရက်အစား သင်္ကြန်အကြိုနေ့မှ  နှစ်ဆန်းတစ်ရက်နေ့အထိ ၅ ရက်သာ သတ်မှတ်ပြီး ကျန်ရုံးပိတ်ရက် ၅ ရက်အား သီတင်းကျွတ် ရုံးပိတ်ရက်များ၊ တန်ဆောင်တိုင် ရုံးပိတ်ရက်များနှင့် နိုင်ငံတကာ နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် အစားထိုးမည် ဆိုပါက ဗဟိုအဖွဲ့အစည်းနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများတွင် ကြိုတင်စီစဉ်ထားသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ ထိခိုက်နစ်နာမှုနှင့် အဆင်ပြေနိုင်မှု ရှိ၊ မရှိ စိစစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ မတ်လ ၉ ရက် ညနေ ၃ နာရီ အရောက် ပြန်လည်သတင်းပို့ရန် ဖြစ်သည်။

သင်္ကြန်ကာလ နှစ်သစ်ကူး ရုံးပိတ်ရက်များကို ၁၀ ရက်မှ ၅ ရက် အထိ လျှော့ချရန် စီစဉ်နေမှုအပေါ် ဝန်ထမ်းအများစုက ပြောကြားရာတွင် ‘သင်္ကြန်မှာ ရိပ်သာစခန်း ဝင်သူများ၊ ကိုယ့်နေရပ်ပြန်သူများ အတွက် အကောင်းဆုံးအချိန် ဖြစ်ကြောင်း၊ နယ်တွင် သွားရောက်တာဝန်ထမ်းဆောင်နေသူများ အတွက် တစ်နှစ်မှတစ်ခါ မိဘရပ်ထံ ပြန်ကြရခြင်းများကို သက်ညှာစေလိုကြောင်း၊ ထို့ပြင် ခရီးဝေး မြို့တွေကို ပြန်ကြသူများ အတွက် ကား၊ ရထား အခက်အခဲများလည်း စဉ်းစားစရာ ဖြစ်ကြောင်း၊  ကျောင်းဆရာ၊ ဆရာမများ ဆိုလျှင် ဧပြီလ တစ်လလောက်သာ နားခွင့်ရှိကြောင်း၊ သင်္ကြန်ရုံးပိတ်ရက် ပြီးတာနှင့် သင်တန်းများ ပြန်တက်ကြရကြောင်း’ လူမှုကွန်ရက် စာမျက်နှာများတွင် ပြောကြားချက်များအရ သိရသည်။ 

ထို့ပြင် အမှန်တကယ် ၅ ရက်သာ ပေးမည်ဆိုလျှင်လည်း ၅ ရက်သာ ယခင်ကတည်းက စဉ်းစားပြီး ပေးသင့်ကြောင်း၊ သို့သော်လည်း ထို ၅ ရက်အတွင်း နယ်သို့ပြန်မည့် ဝန်ထမ်းများ၊ ခရီးဝေးသွားမည့် ဝန်ထမ်းများအတွက်  အဆင်ပြေ လွယ်ကူစွာ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်ထွက်ခွာနိုင်ရေး ကိစ္စများ မည်သို့ စီစဉ်ပေးထားကြောင်း၊ ထိုသို့ ကြိုတင်ပြင်ဆင်မှု ဘာမျှမရှိဘဲနှင့် ယခုလို အချိန်နီးခါမှပင်ကပ်ပြီး အစီအစဉ် ပြောင်းတာမျိုး မလုပ်စေချင်ကြောင်း၊ ဝန်ထမ်းတွေ၏ အခက်အခဲများကို ဝန်ထမ်းတွေပင် သိကြောင်း၊ ယခင်က သင်္ကြန်ကာလ နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်ကို သင်္ကြန်ပွဲတော်သည် မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ နှစ်သစ်ကူး အခါသမယ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ အနားယူ အပန်းဖြေစေရန်အတွက် ရည်ရွယ်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ပြီး ထိုကတည်းက ခွင့်ပြုလာသည်မှာ ယခုနှစ်ဆိုလျှင် ၉ နှစ်၊ ၁၀ နှစ်ပင် ပြည့်တော့မည် ဖြစ်ကြောင်း၊ ဆယ်စုနှစ် တစ်ခုမျှ ခံစားစံစားလာခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်းကြီး တစ်ခုလုံးနှင့် သက်ဆိုင်သည့် အကြောင်းအရာ တစ်ခုကို ပေါ့ပေါ့ဆဆတွေးပြီး မလုပ်သင့်ကြောင်း ၎င်းတို့က ဆိုခဲ့ကြပြန်သည်။

ထိုအကြောင်းအရာအပေါ် နိုင်ငံ့ဝန်ထမ်းအများစု၏ သဘောထား စစ်တမ်းတစ်ခုကို လူမှုကွန်ရက် အင်တာနက် စာမျက်နှာမှ ကောက်ယူခဲ့ရာ နိုင်ငံ့ဝန်ထမ်း ၁၀၀ ဦးလျှင် ၈၂ ဦး (၈၂ ရာခိုင်နှုန်း) လောက်က ယခင်အတိုင်းသာ ထားရှိပေးရန် အဆိုပြုခဲ့ကြသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ အချို့ကတော့ ပြင်သင့်တယ်လို့ အစီအစဉ် ရှိခဲ့မယ်ဆိုရင်တောင် အစောကတည်းက စီစဉ်ခဲ့သင့်ကြောင်း၊ အချို့မှာ ခွင့်ပြန်ကြမည့် ယာဉ်ရထားများ ကိစ္စပင် စီစဉ်ကြပြီး ဖြစ်ကြောင်း၊ အချို့က ၇ ရက်ဆိုလျှင် ပိုမိုသင့်တော်ကြောင်း သင်္ကြန်ကာလ ၅ ရက်ဆိုလျှင် အသွားအပြန် ကားရထားများ အဆင်မပြေနိုင်ကြောင်းတွေ ပါဝင်ပါတယ်။ အချို့ကတော့ ယခင်ကလို ၅ ရက်ပဲ ဖြစ်သင့်ကြောင်း၊ ယခု ၁၀ ရက် ဆိုသည်မှာလည်း ယခင်အစိုးရကာလ ရောက်မှသာ စည်းရုံးရေး သဘောမျိုးဖြင့် သတ်မှတ်သွားခြင်း ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေး ကျဆင်းနေချိန်တွင် ဝန်ထမ်းများ အလုပ်ပိုလုပ်သင့်ကြောင်းများ ဖော်ပြထားလေသည်။ 
အမှန်ဆိုရလျှင် ထိုကိစ္စအပေါ် ကြားချပြီး သုံးသပ်တင်ပြရလျှင်  ပြည်ထောင်စု အစိုးရအဖွဲ့ အနေနှင့်လည်း နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းကြီး တစ်ခုလုံး၏ ခံစားခွင့် ခံစားထိုက်သည့် အခွင့်အလမ်းဟု ဆိုလည်း မမှား၊ ၎င်းတို့၏ တစ်နှစ်တာအတွက် အပျော်စိတ်ကူး မျှော်လင့်ချက်ဟုလည်း ပြော၍ရသည့် အကဲဆတ်လွန်းသည့် ထိုကိစ္စအပေါ် ယခုကဲ့သို့ အချိန်နီးကပ်ချိန်တွင်မှ မဆောင်ရွက်သင့်ပေ။ အခြားတစ်ဖက်က ကြည့်လျှင်လည်း ယနေ့အချိန်အခါ ကာလမျိုးတွင် ယခုကဲ့သို့သော ကိစ္စမျိုးကို ပြုလုပ်ရန်ကိုပင် အစိုးရအနေနှင့် အတော်စဉ်းစားရမည်လည်း ဖြစ်သည်။ 

အကြောင်းမှာ ယနေ့အချိန်အခါကာလတွင် ဖြစ်ပေါ်နေသည့် နိုင်ငံ့စီးပွားရေး ကျဆင်းမှု၊ ဒေါ်လာဈေးနှုန်းတက်မှု၊ ငွေကြေးဖောင်းပွမှု၊ တရားဥပဒေစိုးမိုးမှု နည်းပါးမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများဒဏ်ကို အများဆုံး ခံစားနေကြရသူများမှာ ထိုလစာနည်းပါးသည့် နိုင်ငံ့ဝန်ထမ်း အုပ်စုကြီးပင် ဖြစ်သည်။ ၎င်းတို့၏ နည်းပါးလှသည့် လစာငွေတစ်ခု အတွင်းမှာပင် ပြင်ပတွင် ကြီးမြင့်နေသည့် ကုန်ဈေးနှုန်းများ၊ မော်တော်ယာဉ် စီးနင်းခများ၊ လျှပ်စစ်ပစ္စည်းနဲ့ အိမ်သုံးပရိဘောဂများ၊ နောက်သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးများအပြင် သာရေးနာရေး ကိစ္စများကိုပါ ၎င်းတို့ရသည့် လစာလေး တစ်ခုတည်းဖြင့်ပင် ဖြေရှင်းနေကြရသည့် အချိန်အခါလည်း ဖြစ်သည်။

နိုင်ငံတော်သမ္မတက တစ်လလျှင် သိန်း ၅၀၊ ဒုသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဝန်ကြီးများ၊ ဝန်လေးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ စသည့် အစိုးရအဖွဲ့မှ အပေါ်ပိုင်း ခေါင်းဆောင်များ ဆိုသူများက တစ်လလျှင် နေ့စဉ်ရကြသည့် နေ့တွက်စရိတ်၊ သွားလာနေထိုင် တည်းခိုစရိတ်များအပြင် အခြားခံစားခွင့်ရှိသော ယာဉ်၊ စက်သုံးဆီများနှင့် ကျန်ခံစားခွင့် (Allowances) များကို ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီး တစ်ဦးကို ၁၀ သိန်း၊ သိန်း ၂၀ သိန်း ၃၀ နှင့် ၃၅ သိန်းကို လစဉ် ခံစားနေကြရသူများ အတွက် ထိုသင်္ကြန်ရုံးပိတ်ရက်ကို ယခင်က ၁၀ ရက်အစား ယခု ၅ ရက်လို့ သတ်မှတ်ပြီး လုပ်ငန်းတာဝန်များ တိုးလုပ်သည်မှာ သင့်တော်မှန်ကန် ကောင်းမွန်သော်လည်း လစာဝင်ငွေ နည်းပါးသည့် အောက်ခြေဝန်ထမ်းများ အတွက်မူ ထိုကိစ္စသည် အတော်ပင် ယူကျုံးမရ အပူလုံးကြွစရာ ဖြစ်လာခဲ့ဟန် တူသည်။ ၎င်းတို့အတွက် လစာငွေ မတိုးပေးသည့်တိုင်အောင်  ခွင့်လေးတော့ ပေးသင့်သည်ဟုပင် ထုတ်ပြောလာနေကြသည်။

၎င်းတို့အတွက် ရသင့်သည့် လစာနှင့် စရိတ်များဆိုင်ရာ ဥပဒေသည်လည်း ယနေ့အချိန်ထိပင် မရှိသေးဘဲ အစိုးရ သနားမှပင် ရကြသည့်သဘော ဖြစ်နေကြောင်း၊ ထို့အတွက် နိုင်ငံ့ဝန်ထမ်းများ၏ လစာ၊ စရိတ်၊ ပင်စင်နှင့် ချီးမြှင့်ငွေများဆိုင်ရာ ဥပဒေတစ်ရပ်ကိုလည်း အမြန်ရေးဆွဲကာ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းပေးစေလိုကြောင်း၊ နိုင်ငံတော်အစိုးရ အပေါ်ပိုင်းတွင် ရရှိထုတ်ယူ ခံစားနေကြသည့်လစာနှင့် ၎င်းတို့ အောက်ခြေဝန်ထမ်းများ (ညွှန်ကြားရေးမှူးချုပ်နှင့် အောက်ပိုင်း) ရသည့် လစာများမှာ အတော်ပင် စကေးဟွာဟချက် ကြီးမားကြောင်း၊ သို့သော်လည်း ၎င်းတို့ အနေနှင့် စိတ်ကောင်းစေတနာမွေးမြူလျက် ရတဲ့လစာလေးဖြင့်ပင် နိုင်ငံတော် တည်ဆောက်ရေးအတွက် အစိုးရ၏ မူဝါဒများကို အကောင်အထည် ဖော်ပေးနေကြောင်း၊ လစာတိုးမြှင့်ပေးရေးကိုပင် အစိုးရအနေနှင့် စီးပွားရေး အကျပ်အတည်း ဖြစ်နေ၍ မတောင်းဆိုကြကြောင်း၊ နိုင်ငံတော် ပြောင်းလဲရေးအတွက် စိတ်ဓာတ်များကို ပြောင်းလဲပြီး အစိုးရအသစ်နဲ့အတူ လိုက်ပါနေကြောင်းတို့ကို ဖွင့်ဟလာခဲ့ကြသည်။ 

၎င်းတို့အနေနှင့် လစဉ်ရသည့် လစာလေးကိုပင် အမှီပြုရင်း ဇီးပင်ကြီး၊ ဖောင်ကြီးသင်တန်းများကို ခရီးမည်မျှ ဝေးသည်ဖြစ်စေ သွားရောက်တက်ရောက်ကြောင်း၊ ထိုအခါ နိုင်ငံတော်မှပေးသည့် လမ်းစရိတ်၊ စားစရိတ်မှာ နည်းပါးလွန်းလှသော်လည်း မိမိတို့၏ လစာလေးအထဲမှပင် ထပ်မံစိုက်ပိုးကာ တာဝန်ကျေပွန်အောင် ကြိုးစားကြရကြောင်း၊ ဝန်ထမ်းအများစုမှာ လစာဝင်ငွေကောင်းသည့် ပြင်ပကုမ္ပဏီမှ ဝန်ထမ်းများကဲ့သို့ တောက်ပြောင်သည့် အဝတ်အစားများကို ဝတ်ဖို့ဝေးစွ တစ်လတစ်လ တစ်ကိုယ်ရေ တစ်ကာယနှင့် မိသားစုဘဝ အသက်ဆက်ရေးကိုသာ နည်းပါးလှသည့် လစာငွေလေးများဖြင့် မနည်းကျားကန်နေကြရကြောင်း၊ ၎င်းတို့ရသည့် အဆင့်မြင့်ဆုံး ဖြစ်သည့် ညွှန်ချုပ်တစ်ဦး တစ်လ ၅ သိန်း ဆိုသည်မှာ ပြင်ပကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ လစာမျှပင် မရှိကြောင်း၊ နိုင်ငံ့တာဝန်ကို ကြီးမားစွာ ယူထားရသည့် နိုင်ငံ့ဝန်ထမ်းများပင် ဖြစ်သော်ငြားလည်း အောက်ခြေဘဝ လစာများမှာ ကုမ္ပဏီသန့်ရှင်းရေး ညစောင့်လစာထက်ပင် နည်းနေကြကြောင်း။ သို့သော်လည်း ၄င်းတို့မှာ နိုင်ငံ့ဝန်ထမ်း လုပ်ရသည်ကိုပင် ဂုဏ်ယူစိတ်ဖြင့် နိုင်ငံတော်ကြီး တိုးတက်ပြောင်းလဲအောင် ဖွံ့ဖြိုးအောင် ဆောင်ရွက်နေကြကြောင်း ခံစားချက်များ အသီးသီး ပွင့်အံထွက်လာခဲ့ကြပြန်သည်။ 

၎င်းတို့အတွက် အနာဂတ် ဆိုသည်မှာလည်း မတွေးရဲအောင်ပင် ရှိနေပြီး ပင်စင်ယူပါက နေစရာအိမ်၊ ဆောက်စရာ ခြံကလေးမျှပင် မပိုင်ဆိုင်ထားကြသော်လည်း ၄င်းတို့လိုချင်သည်မှာ ၎င်းတို့ခံစားထိုက်သည့် အခွင့်အရေးများ၊ ဝန်ထမ်းအဖွဲ့အစည်းကြီး တစ်ခုလုံး ပြောင်းလဲလာမည့် ကိစ္စများ၊ ရာထူးတိုးမြှင့်ရေး ကိစ္စ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ ပြောင်းလဲရေးကိစ္စ၊ သင်တန်းများတွင် သင်ကြားနေသည့် သင်ရိုးညွှန်းတမ်းများ ပြောင်းလဲရေးကိစ္စ၊ ၎င်းင်းတို့သွားလာသည့်အခါ ပေးနိုင်မည့် စရိတ်များ ကိစ္စ၊ တန်းတူညီမျှမှု၊ အဂတိတရား ကင်းစင်မှု၊ အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှုများ ကင်းဝေးတဲ့ လူ့အဖွဲ့အစည်းကြီး ဖြစ်သည့် နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းကြီးအဖြစ် မြင်တွေ့လိုခြင်းသာ ပဓာန ဖြစ်သည်ဟု သိရသည်။

သို့အတွက် နိဂုံးချုပ်အားဖြင့် တင်ပြရလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ အနေနှင့်လည်း ပြောင်းလဲလာနေသည့် ခေတ်စနစ်များနှင့်အညီ ထိုကိစ္စအပေါ် အမှန်တကယ် ဆောင်ရွက်လိုလျှင် နိုင်ငံ့ဝန်ထမ်း အုပ်စုကြီး တစ်ခုလုံး၏ သဘောထားဆန္ဒကို ရယူပြီးမှသာ ဒီမိုကရေစီ စံနှုန်းများအရ   အများသဘောတူမှသာ ဆောင်ရွက်သင့်ပါကြောင်းနှင့် ခေတ်ကာလနှင့် လိုက်လျောညီထွေကျမည့် ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြုပြင်ပြီး ဝန်ထမ်းထုအတွင်း ပြောင်းလဲမှုကို အမြန်ဖော်ဆောင်နိုင်ပါစေကြောင်း တိုက်တွန်းလိုက်ရပါသည်။ 

ရန်ကြီးအောင် (ဥပဒေ)



FOLLOW US