News

POST TAGGED AS

အစိုးရ

06-Feb-2017

အစိုးရ
သွေးစွန်သော တနင်္ဂနွေမှသည် စုစည်းညီညွတ်သော နိုင်ငံတော်ဆီသို့
(၁) ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်အတွက် လိုအပ်မှုတွေ

ဒီမိုကရေစီစနစ်တွင် အင်စတီကျူးရှင်း အစိတ်အပိုင်းများစွာ ပါရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှု၊ တရားဥပဒေစိုးမိုးမှုနဲ့ ပြည့်စုံလုံလောက် ခိုင်မာအားကောင်းတဲ့ နိုင်ငံတော် ဖြစ်တည်မှုတွေ ရှိဖို့ လိုအပ်တယ်လို့ ဖရန်စစ် ဖူကူယားမားက ၂၀၁၄ ခုနှစ်က ဒီမိုကရေစီဂျာနယ်ရဲ့ စကားဝိုင်းမှာ ဆိုတယ်။

နိုင်ငံတော် (State) လို့ ဆိုလာပြီ ဆိုရင်တော့ Accountability တာဝန်ခံမှု၊ တာဝန်ယူမှုရှိခြင်း ပါလာပြီလို့ ဆိုနိုင်ပါတယ်။ စာရေးသူတို့ နိုင်ငံရဲ့ လက်ရှိအခြေအနေကတော့ (Nation Building) အမျိုးသားနိုင်ငံတော် တည်ဆောက်မှုအတွက် တစ်နည်းအားဖြင့် ရင်ကြားစေ့ရေး မတူကွဲပြားမှုတွေ ရှိနေမှုအကြား စည်းလုံးညီညွတ်ရေးအတွက် ကြိုးစားနေရတဲ့အချိန် ဖြစ်သလို (တစ်နည်းအားဖြင့် စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ဖို့)၊ တစ်ဖက်မှာလည်း နိုင်ငံတော် တည်ဆောက်ရေး (State Building) လုပ်ငန်းကိုပါ  ဆောင်ရွက်နေရတဲ့အချိန် ဖြစ်ပါတယ်။ State မှာတော့ ဥပဒေ၊ နည်းဥပဒေ၊ ထိုဥပဒေအရ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေ တာဝန်ပေးထားသူများ၊ နိုင်ငံသားတွေဆိုပြီး ပါဝင်တဲ့အတွက် နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်နဲ့ အစိုးရအကြားက ကွဲပြားမှုအချို့ကို ကြည့်မယ်ဆိုရင်-  နိုင်ငံတော်ဆိုတဲ့ နေရာမှာ အစိုးရသက်သက်သာ မဟုတ် ပြည်သူပါ ပါဝင်မှု၊ နိုင်ငံတော်ဆိုတာ နိုင်ငံတည်သရွေ့ရှိရမှာ ဖြစ်ပြီး အစိုးရဆိုတာ ယာယီသဘောဆောင်မှု၊ အစိုးရဆိုတာ တာဝန်ထမ်းဆောင်မှု နည်းလမ်းသဘောသာ ဆောင်တတ်တာ၊ နိုင်ငံတော်ဆိုတာ လူပုဂ္ဂိုလ်ရေးအရ မဟုတ်ဘဲ တစ်ခါတစ်ရံ အစိုးရအဖွဲ့မှာ လူပုဂ္ဂိုလ်သဘောဆောင်တာ (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးတည်းကို အမှီပြုတာတွေ ဖြစ်နေတတ်တာ (သို့မဟုတ်) ဘက်လိုက်မှုတွေ ရှိနေတတ်တာ၊ နိုင်ငံတော်ဆိုတာ အနည်းဆုံး သီအိုရီ သဘောအရ လူ့အဖွဲ့အစည်းကောင်းကျိုးကို အမြဲရည်ရွယ်တဲ့ သဘော ရှိပေမယ့် အစိုးရဆိုတာ ပါတီ၊ အုပ်စုအစွဲ သဘောတွေ ပါတတ်တာကို တွေ့ရပါတယ်။

ဒီမိုကရေစီဖြစ်စဉ် အရနဲ့ နိုင်ငံတော်ဖြစ်တည်မှု အားကောင်းခြင်းဆိုင်ရာ လိုအပ်မှုတွေမှာ ချို့ယွင်းမှုတွေ များပြားလာခဲ့ပြီဆိုရင် အဲဒီနိုင်ငံတွေက မအောင်မြင်တဲ့နိုင်ငံ၊ တစ်နည်းအားဖြင့် ကျရှုံးနိုင်ငံတော်ဖြစ်ဖို့ နီးစပ်လာပြီ (သို့မဟုတ်) ကျရှုံးနိုင်ငံတော် ဖြစ်သွားမှာကတော့ မလွဲဧကန်ပဲ ဖြစ်ပါတယ်။ 

နိုင်ငံတော်ဆိုတဲ့ ကိစ္စကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူသာ အဓိက ဖြစ်နေတဲ့အတွက် အခြားအစိတ်အပိုင်းတွေမှာ ယိုယွင်းနေပြီ ဆိုရင်တောင် ပြည်သူ့ညီညွတ်မှုအားနဲ့ တည့်မတ်ဖို့ ကြိုးစားကြမယ်ဆိုရင် ခိုင်မာအားကောင်းတဲ့ အစိုးရ အဖွဲ့အစည်းနဲ့ ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တွေ ပေါ်ပေါက်ဖို့ အထောက်အကူ ဖြစ်စေမှာ ဖြစ်သလို ယိုယွင်းနေတဲ့စနစ်တွေ ဖာထေးပြုပြင် ပြောင်းလဲဖို့လည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီလို့ ဆိုကတည်းက ပြည်သူကနေလာတဲ့စနစ် ဖြစ်တဲ့အတွက် အုပ်ချုပ်သူတွေက တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့ပြီး တရားဥပဒေစိုးမိုးမှု ချို့ယွင်းခဲ့ရင်လည်း ပြည်သူတွေရဲ့ ညီညွတ်မှုနဲ့ လမ်းကြောင်းမှန်ပေါ် တွန်းတင်ကြရမှာပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီမှာ ရွေးကောက်ပွဲစနစ်က အရေးပါပေမယ့် ဒီမိုကရေစီနဲ့ ဒီမိုကရက်တိုက်ဇေးရှင်း (ဒီမိုကရေစီသို့ ကူးပြောင်းနေမှု) ဟာ ကွာဟတဲ့အတွက် ကူးပြောင်းရေး ကာလတွေမှာ ရွေးကောက်ပွဲဆိုတာ အရေးပါတာ မှန်ပေမယ့် အောင်မြင်တဲ့ ဒီမိုကရေစီစနစ် ဖြစ်ဖို့တော့ အဆင့်တစ်ဆင့်မျှသာ ဖြစ်တယ်လို့  သောမတ်စ်ကရိုသာက ဆိုပါတယ်။ သူကပဲ ဒီမိုကရေစီဆိုတာ အတွေးမှား၊ အယုံမှား၊ အစွဲမှား၊ အထင်မှားမှုတွေနဲ့ အရိပ်အယောင် လှည့်စားမှုတွေ မရှိဘူးလို့ ဆိုထားပါတယ်။ တစ်နည်းအားဖြင့် အယုံလွယ်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုးကွယ်မှုတွေ မပါပဲ ကျိုးကြောင်းသင့် စဉ်းစားဆင်ခြင် တွေးခေါ်မှုတွေနဲ့ ဆောင်ရွက်မှုတွေက ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီနဲ့ နိုင်ငံတော် ပေါ်ပေါက်လာရေးအတွက် အရေးပါတဲ့အချက်ပဲ ဖြစ်ပါတယ်။

(၂) လတ်တလော လေဆိပ်က လုပ်ကြံမှုနဲ့ ကြောက်လန့်တုန်လှုပ်စေရေး မဟာဗျူဟာ

လတ်တလော ကာလမှာပဲ ရန်ကုန်လေဆိပ်မှာ ဖြစ်ခဲ့တဲ့ ရှေ့နေဦးကိုနီကို သေနတ်နဲ့ လူပုံအလယ်မှာ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပစ်ခတ်မှုတွေဟာ လူထုကို ကြောက်လန့်တုန်လှုပ်စေဖို့နဲ့ မလုံခြုံမှုကို ဖြစ်စေဖို့ ရည်ရွယ်တာလို့ ကောက်ချက်ချနိုင်ပါတယ်။ စီးပွားရေးမြို့တော် ဖြစ်ပြီး ပဋိပက္ခ နယ်မြေတွေနဲ့ ကင်းဝေးရာဖြစ်တဲ့ ရန်ကုန်ဟာ ဒီဖြစ်စဉ်ကြောင့်ပဲ မလုံခြုံဘူးဆိုတာ ကမ္ဘာကို အတိအလင်း ကြေညာသလို ဖြစ်နေပါတယ်။ အတော်ကို တာသွားလှတဲ့ အကျိုးသက်ရောက်မှု၊ ကြီးမားနိုင်တဲ့ လုပ်ကြံသတ်ဖြတ်မှုလို့ ဆိုနိုင်ပါတယ်။

တရားဥပဒေစိုးမိုးရေး အားနည်းမှု၊ လုံခြုံရေး တာဝန်ရှိသူတွေရဲ့ လစ်ဟာမှုတွေကို ဒီကိစ္စမှာ တွေ့ရမှာ ဖြစ်ပေမယ့် တာဝန်ယူတတ်၊ တာဝန်ခံတတ်၊ တာဝန်သိတတ်တဲ့ ပြည်သူတွေကြောင့်ပဲ သေနတ်သမားဟာ ဖမ်းမိခဲ့ပါတယ်။ တကယ်လို့ အဲဒီသေနတ်သမားကိုသာ သေနတ်ကိုင်ထားတဲ့ အတွက် ကြောက်ကြောက်နဲ့ Taxi သမားတွေက လိုက်မဖမ်းခဲ့ဘူးဆိုရင် အမှုကွင်းဆက် ပြတ်သွားမှာ ဖြစ်ပြီး တရားခံ လွတ်မြောက်သွားမှာ ဖြစ်သလို အခြားမလိုလားအပ်တာတွေလည်း များစွာပေါ်လာနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ သိပ္ပံနည်းကျ ခွဲခြမ်းစိတ်ဖြာမှုနဲ့ ဒီဖြစ်စဉ်ကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် နိုင်ငံတော်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ တာဝန်ယူ၊ တာဝန်ခံမှု အားနည်းမှုအပေါ် နိုင်ငံတော် ဖြစ်တည်မှုမှာ အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူတွေက ဝင်ရောက်တာဝန်ယူမှုကို တွေ့ရတာပဲ ဖြစ်ပါတယ်။ ဖူကူယားမား ပြောခဲ့တဲ့ ဒီမိုကရေစီဖြစ်စဉ်မှာ အရေးပါတဲ့ အချက်သုံးချက်နဲ့ တိုင်းတာမယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းအပေါ် လုပ်ကြံသတ်ဖြတ်သူတွေက အခွင့်ကောင်းယူခဲ့တာ ဖြစ်ပြီး ပြည်သူတွေဖြစ်တဲ့ တက္ကစီသမားတွေက လုံခြုံရေးတွေ ထမ်းရမယ့် တာဝန်ကို ဝင်ရောက်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပေါ် နောက်ဆက်တွဲ ဖမ်းဆီးမှုတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်မှုတွေအပေါ် ပြည်သူတွေက စိတ်ဝင်စားနေတာ၊ ပြည်သူအချို့အနေနဲ့ သတင်းသဲလွန်စတွေကို ဖော်ထုတ်ပေးနေတာ၊ သတင်းမီဒီယာအချို့ အနေနဲ့ စုံစမ်းထောက်လှမ်းမှုတွေ လုပ်ပြီး အမှုကွင်းဆက်တွေ ဖော်ထုတ်ပေးနေတာတွေက နိုင်ငံတော် ဖြစ်တည်မှုနဲ့ ဒီမိုကရေစီရဲ့ အဓိကအရေးပါတဲ့ ယန္တရားတွေ ချို့ယွင်းနေချိန် ပြည်သူတွေနဲ့ အင်စတီကျူးရှင်း အချို့က ဝင်ရောက်ထောက်ကူ ပေးနေမှုပဲ ဖြစ်ပါတယ်။

(၃)  မကြောက်ရွံ့မှုနဲ့ စုစည်းညီညွတ်မှု

ကြောက်ရွံ့ထိတ်လန့်အောင် ပြုလုပ်ခြင်းနဲ့ ခွဲခြားဆက်ဆံခြင်း၊ လူတွေအကြား သွေးကွဲအောင် ပြုလုပ်ခြင်းဆိုတဲ့ ကိစ္စတွေဟာ ကိုလိုနီစနစ်နဲ့ အာဏာရှင်စနစ်တွေမှာ တွေ့ရလေ့ရှိတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအာဏာရှင်မျိုး မဆိုပါ လူထုညီညွတ်မှုတွေ ရှိရင် ပြိုကျစမြဲပါပဲ။ 

လွတ်လပ်မှုဆိုတာ တာဝန်ယူမှုတွေနဲ့ ဒွန်တွဲနေသလို ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးစနစ် ဆိုတာက အပြန်အလှန် တာဝန်ယူမှုတွေ၊ တရားဥပဒေစိုးမိုးမှုတွေနဲ့ အာမခံချက် ပြုရတာပါ။ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာချိန်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ကျင့်သုံးပြောဆိုမှု၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားမှုနဲ့ အများပြည်သူအတွက် အကျိုးရှိစေမယ့် ပြည်သူသတင်းသိပိုင်ခွင့်အတွက်  သတင်းဖော်ထုတ် တင်ဆက်မှုတွေဟာ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေပါတယ်။ လတ်တလောမှာပဲ သတင်းမီဒီယာသမား ဖြစ်တဲ့ ကိုစိုးမိုးထွန်းနဲ့ ထားဝယ်က တက်ကြွလှုပ်ရှားသူ အမျိုးသမီး အသတ်ခံရတဲ့ ကိစ္စတွေက တရားဥပဒေစိုးမိုးရေး အားနည်းမှုကို သာမက ဒီမိုကရေစီအတွက် အရေးပါတဲ့ ဒေါက်တိုင်တွေအတွက် စိန်ခေါ်မှုဆိုတာ ပြသနေခဲ့တာ ဖြစ်ပြီး အခု ဦးကိုနီ သေဆုံးမှုကတော့ ကျန်တဲ့ကိစ္စတွေထက် ပိုပြီးတာသွားနိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။ ကြောက်ရွံ့စရာတွေနဲ့ ကြုံလာရင် ကိုယ်လွတ်ရုန်းပြီး ကိုယ့်အစား ပြောပေးမယ့် သူရဲကောင်းကို ရှာတတ်တာဟာ ဓမ္မတာ ဖြစ်တတ်ပေမယ့် တစ်ခါတစ်ခါ ကိုယ်တင်မြှောက်ထားတဲ့ သူရဲကောင်းကို ပြန်လည်ထိန်းထေဖို့ မေ့နေတတ်တာတွေကလည်း ဖြစ်တတ်တဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။ ပုဒ်မ ၆၆ ကို ဆက်ထားခဲ့တဲ့ ကိစ္စကနေ ဦးကိုနီ သေဆုံးခဲ့မှုအထိ ကိစ္စတွေက လူ့အဖွဲ့အစည်းမှာ အကြောက်တရားနဲ့ ချောက်ချားနေတတ်အောင် တမင်ရည်ရွယ်နေရော့လားလို့ တွေးစရာ ဖြစ်လာတယ်လို့ နိုင်ငံရေးသိပ္ပံသမားတစ်ဦး ဖြစ်တဲ့ ဦးမင်းဇင်က ဦးကိုနီ သေဆုံးမှုနဲ့ ပတ်သက်လို့ သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ စာစုအဖြစ် ရေးသားရာမှာ ထည့်သွင်းရေးသားထားပါတယ်။

ကြောက်ရွံ့ထိတ်လန့်စရာ ကိစ္စရပ်တွေ ဖြစ်လာဖို့ ရည်ရွယ်ခဲ့မှုအဖြစ် ဦးကိုနီ သေနတ်ပစ်ခံရမှု၊ ရန်ကုန်လေဆိပ်ပစ်ခတ်မှုတွေ ရှိနေပေမယ့် မကြောက်ရွံ့တဲ့ ပြည်သူတွေကတော့ အုံလိုက်ကျင်းလိုက် ဦးကိုနီနဲ့ တက္ကစီသမား ဦးနေဝင်းတို့ရဲ့ ဈာပန အခမ်းအနားတွေကို လိုက်ပါပို့ဆောင်မှု၊ အမှုကွင်းဆက်တွေ လိုက်လံဖော်ထုတ်ပေးမှုတွေနဲ့အတူ သူတို့ရဲ့ တာဝန်သိမှု၊ တာဝန်ယူတတ်မှုကို ပြသနေခဲ့ပြီး ဖြစ်ပါတယ်။ 

ဦးကိုနီရဲ့ ဈာပန အခမ်းအနားကို ကြည့်မယ်ဆိုရင် လူမျိုးစုံ၊ ဘာသာစုံ သောင်းနဲ့ချီတဲ့ ပြည်သူတွေ တက်ရောက်တာ တွေ့ရသလို ဦးကိုနီက အန်အယ်လ်ဒီက ဖြစ်ပေမယ့် အန်အယ်လ်ဒီနဲ့ ဆက်ဆံရေး အတန်ငယ် အေးစက်နေတဲ့ အခြားဒီမိုကရက်တစ်နဲ့ တိုင်းရင်းသား အင်အားစုတွေပါ ဝန်းရံခဲ့ကြတာကို မြင်ကြရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ခုရက်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စရပ်တွေမှာ ရဲရဲတင်းတင်း တာဝန်ယူ ရပ်တည်ပြတဲ့သူတွေ ရှိနေတာဟာ ကြောက်ရွံ့အောင် ခြောက်လှန့်နေရုံနဲ့ ကြောက်လန့်သွားမှာ မဟုတ်ဆိုတဲ့  အင်အားစုတွေ၊ ပြည်သူတွေ ရှိနေဆဲဖြစ်တယ် ဆိုတာ ပြသရာရောက်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီရက်ပိုင်းအတွင်း ဈာပန အခမ်းအနားမှာ ပြသခဲ့တဲ့ သတ္တိတွေ၊ ပြည်သူတွေရဲ့ တာဝန်ဝင်ယူတတ်မှုတွေ၊ ဒီမိုကရက်တစ် အင်အားစုအချို့ရဲ့  စုစည်းမှုတွေက နိုင်ငံတော်ရဲ့ လစ်ဟာနေတဲ့ အစိတ်အပိုင်းတွေကို ဝင်ရောက်ဖြည့်ဆည်းဖို့ စိတ်အားထက်သန်နေတယ်၊ ကူညီရိုင်းပင်းမှုနဲ့ အရေးကြုံရင် သွေးစည်းညီညွတ်မှုတွေ ရှိနေဆဲဖြစ်တယ် ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာလည်း ဒီစုစည်းမှု အင်အားကို အချိန်အတန်ကြာ ဘယ်လိုဆက်ထိန်းကြမလဲ ဆိုတဲ့ ကိစ္စကလည်း အရေးပါလာပါတယ်။

သွေးစွန်းသော တနင်္ဂနွေနေ့မှ တစ်ဆင့် စုစည်းညီညွတ်မှုကို တည် ဆောက်ပြီး ခိုင်မာအားကောင်းတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်ကြပါစို့...။    ။ 

Ref: Reconsidering the ‘Transition Paradigm’ Democracy without illusion ; Thomas Carothers
U Min Zin’sFb

စိုင်းထွန်းအောင်လွင်



FOLLOW US