News

POST TAGGED AS

အစိုးရ

25-Nov-2016

အစိုးရ
အမှတ်လျော့လာနေသော အစိုးရသစ်
ဖေ့ဘွတ်ခ်က ပြီးသွားသည့် အတိတ်နေ့များကို ပြန်ပြန်ပြီး ဖော်တတ်သည်။ မနှစ်တုန်းက ဒီနေ့။ နှစ်နှစ်တုန်းက ဒီနေ့။ လွန်ခဲ့သော လေးနှစ်ကသည်နေ့ Last 4 years ago today စသည်ဖြင့်...။ ဒီနေ့ မနက်မှာတော့ လွန်ခဲ့သည့် ခြောက်နှစ်က တင်ခဲ့သည့် ပို့စ်အဟောင်းတစ်ခု ပြန်တက်လာသည်။ ထိုနေ့မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်။ ထိုစဉ် နိုင်ငံရေးက စစ်အာဏာရှင်အစိုးရ လက်ထဲမှာ။ အတိုက်အခံ နိုင်ငံရေးသမားများ အစိုးရကို ဆန့်ကျင်တော်လှန်သူများ အားလုံး ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး ထောင်နံရံ တစ်ဖက်ထဲသို့ ရောက်နေချိန်။ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်ခြင်းမှာ ထိုစဉ်နိုင်ငံရေး၏ Big Step ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး အုန်းအုန်းကျွက်ကျွက် သတင်းထူးကြီးတစ်ခု ဖြစ်ခဲ့သည်။

ခြောက်နှစ်ကြာသွားပြီးသည့်အခါ... မြန်မာ့နိုင်ငံရေးရှုခင်းက အပြောင်း အလဲကြီး ပြောင်းလဲသွားခဲ့ပါပြီ။ ထိုစဉ်က အကျဉ်းထောင်ထဲ ရှိနေခဲ့သူများ၊ ပြည်ပသို့ တိမ်းရှောင်နေခဲ့ရသူများ၊ ဖိနှိပ်ခံ နိုင်ငံရေးသမားများ အားလုံး လင်းပွင့်သော နိုင်ငံရေးမြင်ကွင်းနှင့် စင်မြင့်အသီးသီးပေါ်သို့ ရောက်ရှိနေခဲ့ပေပြီ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်အတိုင်း အရပ်သား အစိုးရတစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတရာထူး ရယူခွင့် ကန့်သတ်ထားသည့်ကြားက နိုင်ငံတော်၏ အဓိပတိရာထူးနှင့် ထပ်တူနီးပါး ကျနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးလည်း ပေါ်ထွက်ခဲ့ပါပြီ။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲမှ အစပြုရေတွက်လျှင် အစိုးရ အပြောင်းအလဲကာလ အကြမ်းဖျင်း တစ်နှစ်ကြာပြီဟု ဆိုနိုင်သည်။ အစိုးရအဖွဲ့သစ် အနေနှင့်ကတော့ ရှစ်လတာသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီဟု ဆိုရမည်။ သည်အတောအတွင်း ဘာတွေပြောင်းလဲသွားခဲ့ပြီလဲ။ ယခု ဘယ်အခြေအနေကို ဆိုက်ရောက်နေသလဲ။ ကောင်းသော အခြေအနေမှာလား။ ပိုမိုဆိုးရွားလာသော အခြေအနေမှာလား။ မယုတ်မလွန် အတိုင်းပဲ ရှိနေသေးလား။

နိုင်ငံသားတစ်ယောက် အနေနှင့် ပြောရလျှင် ယခုရက်ပိုင်းအတွင်း ကြားနေ မြင်နေဖတ်ရှုနေရသော အကြောင်းအရာများက လွန်စွာ စိတ်မချမ်းမြေ့ဖွယ်ရာများပင်။ နောက်ဆုံးဖြစ်ရပ်က နိုဝင်ဘာ ၂၀ ရက်နေ့မှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း အနီးဝန်းကျင်က ကောင်းဘွိုင်ဆန်ဆန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်သည်။ KIA, TNLA, MNDAA ဟု ခေါ်ဝေါ်သော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေက တရုတ်-မြန်မာ ကုန်သွယ်ရေးဇုန်၏ အဓိကနေရာတွေကို ပေါ်ပေါ်တင်တင် ဝင်တိုက်သည်။ မည်းမည်းမြင်ရာ တွေ့ရာအဆောက်အအုံ ယာဉ်အရပ်သားအားလုံးကို သိမ်းကြုံးပစ်ခတ်သည်။ ကြိုတင်အသိပေး စစ်ဆင်တာမျိုး မဟုတ်ဘဲ အလစ်အငိုက် ဝင်တိုက်တာ ဖြစ်သည်။ ဒါ အကြမ်းဖက်တာ ဖြစ်သည်။ အစိုးရတပ်ကို တိုက်ခိုက်ခြင်းမျိုးထက် အနောက်ကမ္ဘာက အကြမ်းဖက်သမား IS တွေလို အပြစ်မဲ့ အရပ်သားပါမချန် အကြမ်းဖက်တိုက်ခိုက်ခြင်း ဖြစ်သည်။ အကျိုးဆက်က တရုတ်နယ်စပ် ကုန်သွယ်ရေး၏ အချက်အချာ မူဆယ်တစ်မြို့လုံး ချောက်ချားတိတ်ဆိတ်သွားခြင်း ဖြစ်သည်။ ကုန်သွယ်ရေး ရပ်သည်။ လူတွေ အထိတ်တလန့်နှင့် ဘေးကင်းရာ တရုတ်နိုင်ငံထဲသို့ အလုံးအရင်း ထွက်ပြေးကြရသည်။ ဘယ်မှာ စိတ်ချမ်းသာစရာ ကောင်းပါမည်နည်း။

သည်ရက်ထဲ ပြည်တွင်းဒေါ်လာဈေးက ကြောက်ခမန်းလိလိ တန်ဖိုးမြင့်တက်သွားသည်။ ဒီတော့ မြန်မာကျပ်ငွေ တန်ဖိုးက ကျဆင်းပြီးရင်း ကျဆင်းသွားသည်။ ကုန်ဈေးနှုန်းက နောက်က တရိပ်ရိပ် လိုက်တက်လာသည်။ လူမှုဒုက္ခကို ပြည်သူတွေ ခါးစည်းခံလာရသည်။ သည်လအတွင်းမှာပဲ အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဘင်္ဂါလီ အကြမ်းဖက်သမားတွေ အလစ်အငိုက် ဝင်တိုက်သည်။ ဒေသခံ ပြည်သူတွေ ထွက်ပြေးကြရသည်။ တည်ငြိမ်မှု မရှိသော ထိုဒေသကို ထိန်းသိမ်းဖို့ တပ်တွေ စေလွှတ်ရသည်။ ဒါတွေက အစိုးရသစ်ကို နားရွက်တံတွေး လာဆွတ်သလို ဖြစ်နေသည်။ အစိုးရသစ်အတွက် ကြီးမားသော စိန်ခေါ်မှုတွေလည်း ဖြစ်သည်။

သည်လိုအခြေအနေမှာ အစိုးရသစ် အနေအထားကရော အားကောင်းမောင်းသန် ဖြစ်နေပါရဲ့လား။ အပြောင်းအလဲတွေ ဆောင်ကြဉ်းပေးဖို့ တက်လာသော အစိုးရက ပြည်သူကျေနပ်အောင် ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်ခဲ့ပြီလဲ။ တစ်လောက ဝန်ကြီးတစ်ပါး ထုတ်ပယ်ခံလိုက်ရသည်။ အစိုးရသစ်၏ ပထမဦးဆုံး ရာထူးဖယ်ရှားမှု ဖြစ်သည်။ အံ့အားသင့်စရာလည်း ကောင်းသည်။ အစိုးရအဖွဲ့ထဲမှာ အံမဝင်တော့သည့် အတွက်ဟု ဆိုသည်။ ထူးခြားသည်မှာ ထုတ်ပယ်မှုကို နောက်ကွယ်မှ ညွှန်ကြားသူမှာ အာဏာရပါတီ၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခြင်းပင်။ ပါတီက အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်ကို ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်သည်။ တကယ်တော့ အစိုးရအဖွဲ့သစ်ထဲမှာ အရည်အချင်း မပြည့်မီသူတွေ အမြောက်အမြား ရှိနေသည်။ အရည်အချင်း မပြည့်မီသူ အစိုးရ အဖွဲ့ဝင်တွေကြောင့် အစိုးရယန္တရားက ထင်ထားသလို မဖြစ်။ ချည့်နဲ့ချည့်နဲ့ ထစ်ငေါ့ထစ်ငေါ့ ဖြစ်နေပြီး ရှေ့ရောက်သင့်သလောက် မရောက်။ မူဝါဒတွေ ပြတ်ပြတ်သားသား မရှိ။ ဆုံးဖြတ်ချက်တွေ ခိုင်ခိုင်မာမာမရှိ။

ပြည်သူတွေကတော့ ကိုယ်ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ ဖြစ်နေသည့်အတွက် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သည်းခံနေကြရရှာသည်။ စိတ်ထဲမှာတော့ ဘဝင်ကျလှသည် မဟုတ်။ တရားဥပဒေစိုးမိုးရေး ဆိုသည်ကလည်း အသံသာရှိပြီး အဆန်မရှိသော သင်္ကြန်အမြောက်လို ခုချိန်ထိ မထိရောက်။ မတရားသော ဥပဒေပုဒ်မတွေက လိုရာသုံး လက်နက်တစ်ခုလို စာမျက်နှာပေါ်မှာ တင်ရှိနေဆဲ ဖြစ်သည်။ တစ်လောတုန်းက မိတ်ဆွေ မီဒီယာသမားနှစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးတစ်ခု ချိုးဖောက်ခံရခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းလည်း ဖြစ်သည်။ လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်၏ ခြွင်းချက်၌ ဥပဒေက ပြဋ္ဌာန်းထားသော ရပိုင်ခွင့်တွေ ရှိသော်လည်း တရားမျှတမှု မရှိသော ဥပဒေပုဒ်မ တစ်ခုကြောင့် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းမှုကို ဖြစ်စေခဲ့သည်။ ဒါတွေအပေါ် အရေးတယူ သုံးသပ်မှုတွေ မလုပ်ဘဲ ဘာသိဘာသာ ရှေ့ဆက်နေသလို ဖြစ်နေသည်။

တစ်နှစ်နီးပါး ကြာလာပြီ ဖြစ်သော အစိုးရသစ်မှာ အမှတ်တွေ တဖြည်းဖြည်း လျော့လာနေသည်ကို တာဝန်ရှိသူတွေ သတိမှထားမိပါလေစ။

ပြည်သူတွေက အေးချမ်းပျော်ရွှင်သော၊ တရားဥပဒေစိုးမိုးသော၊ မတောင့်မတ မကြောင့်မကြ နေရသော၊ လွတ်လပ်စွာ စီးပွားရှာနိုင်၊ နေထိုင်နိုင်သော ဘဝမျိုးကို ပိုင်ဆိုင်လိုလားကြသည်။ နှစ်ပေါင်းများစွာ ယိုယွင်းနေခဲ့သော နိုင်ငံတော်တစ်ခုကို နေ့ချင်းညချင်း နိဗ္ဗာန်ဘုံဖြစ်အောင် ဆောင်ကြဉ်းဖို့ မဖြစ်နိုင်ကြောင်းလည်း ပြည်သူတွေက သိကြပါသည်။ မဖြစ်နိုင်တာကို လူထုက မတောင်းဆိုပါ။ သို့သော် ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်မလာသေးသည်ကိုတော့ အစိုးရ တာဝန်ရှိသူတွေ လုပ်ပြဖို့လိုသည်။

ယခုလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အနုတ်လက္ခဏာ ပြလာနေသော အခြေအနေကို အချိန်မီ ကုစားဖို့ အချိန်တန်နေပြီ။ အစိုးရသစ်အပေါ် အားမလို အားမရ ဖြစ်မိတိုင်း လူထုခေါင်းဆောင်အပေါ် မေးခွန်းထုတ်လာသူတွေလည်း ရှိနေသည်။ အနာဂတ်မူဝါဒတွေ ဘာရှိသလဲ။ ဘယ်လိုမဟာဗျူဟာတွေနှင့် ရှေ့ဆက်သွားနေသလဲ။ မေးခွန်းထုတ်သူတွေက ထုတ်နေကြသည်။ လူထုခေါင်းဆောင်၏ နိုင်ငံရေးသြဇာက ကြီးမားလွန်းလှသည်။ တော်ရုံတန်ရုံနှင့် အကဲမဖြတ်နိုင်။

တစ်နေ့က ညစာစားပွဲတစ်ခုမှာ စင်ကာပူလုပ်ငန်းရှင် တစ်ဦးကတော့ ယခုလို ဝေဖန်သည်။ Now she becomes politician တဲ့။ လူထုခေါင်းဆောင်သည် အတိုက်အခံ ခေါင်းဆောင်ဘဝတုန်းကလို အမှန်တရားတစ်ခုအတွက် ဟောဟောဒိုင်းဒိုင်း စိတ်လိုက်မာန်ပါ မပြုမူတော့ပါ။ ပြဿနာ အားလုံးကို ဆင်ခြင်ဉာဏ်ဖြင့် လိမ္မာပါးနပ်စွာ နိုင်ငံရေးသမား ပီသစွာ ချဉ်းကပ်ဆောင်ရွက်နေသည်ဟု ဆိုလိုသည်။ မြန်မာနိုင်ငံ၏ အနေအထားက နောက်ထပ် အနည်းဆုံး သုံးလေးနှစ်အထိ စောင့်ဖို့ လိုနေသေးသည်ဟု သူ၏ ထင်မြင်ချက်ကို ပြောသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံသားတစ်ဦး၏ ရင်ထဲမှာတော့ စိတ်မချမ်းမြေ့ဖွယ် သတင်းဆိုးများ၊ လူနှင့်လူချင်း၊ လူမျိုးစုနှင့် လူမျိုးစုချင်း နိုင်ထက်စီးနင်း ရက်စက်ခြင်းများ ထပ်မံမကြားလိုတော့ပါ။ မတရားမှုများ ချုပ်ငြိမ်း၍ လောကပါလတရား ထွန်းကားသော နိုင်ငံတော်တစ်ခုကိုသာ အမြန်မြင်တွေ့လိုလှပါပြီ။

ချစ်ဝင်းမောင်



FOLLOW US