News

POST TAGGED AS

အစိုးရ

အစိုးရစာသင်ကျောင်းများတွင် မိုဘိုင်းလ်ဖုန်းအသုံးပြုခွင့် ပိတ်ပင်သည့် ဥပဒေတစ်ရပ် ပြင်သစ်ပြဋ္ဌာန်း
ပဲရစ်၊ ဇွန် ၉

ပြင်သစ်နိုင်ငံရှိ အစိုးရစာသင်ကျောင်းများတွင် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုကို ပိတ်ပင်မည့်ဥပဒေတစ်ရပ်ကို ပြင်သစ်လွှတ်တော်မှ ဥပဒေပြုအမတ်များက သဘောတူညီချက် ပေးလိုက်ပြီဖြစ်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

သို့သော်လည်း ဝေဖန်ရေးဆရာများက ယခုလိုပြုလုပ်ခြင်းဖြင့် စာသင်ခန်းအတွင်း ပြဿနာများသို့မဟုတ် ဗိုလ်ကျအနိုင်ကျင့်မှုများ အဆုံးသတ်သွားမည် မဟုတ်ကြောင်း ပြောကြားသည်။ 

ပြင်သစ်နိုင်ငံ အောက်လွှတ်တော်မှ ဥပဒေပြုအမတ်များ သဘောတူညီလိုက်သော အဆိုပါဥပဒေအရ ကျောင်းသား၊ ကျောင်းသူများအနေနှင့် ဖုန်းများကို မိမိမျက်ကွယ်တွင် ထားရှိရမည်ဖြစ်သည်။ သို့သော်လည်းဥပဒေ၏ အားနည်းချက်တစ်ရပ်မှာ အကယ်၍ မိုဘိုင်းလ်ဖုန်းအသုံးပြုမည်ဆိုပါက မည်သည့်ပြစ်ဒဏ်ပေးမည် ဆိုသောအချက်ကို ဖော်ပြမထားခြင်းပင် ဖြစ်သည်။ 

ဥပဒေကျွမ်းကျင်သူများက ကျောင်းဆရာ၊ ဆရာမများအနေနှင့်လည်း ကျောင်းသား၊ ကျောင်းသူများ၏ အန္တရာယ်မရှိသော ပစ္စည်းပစ္စယများကို သိမ်းပိုင်ခွင့်မရှိဟု ဆိုသည်။ 

ယင်းဥပဒေကိုထောက်ခံသူများက ယခုလိုဥပဒေ သတ်မှတ်လိုက်ခြင်းကြောင့် ကလေးငယ်များ (ကျောင်းသား၊ ကျောင်းသူများ) အကြား ဆိုက်ဘာအနိုင်ကျင့်မှုများ၊ ညစ်ညမ်းဓာတ်ပုံ၊ ဗီဒီယိုနှင့်စာပေများ ကြည့်ရှုမှုများလျော့ကျသွားမည်ဖြစ်သည်ဟု ပြောကြားသည်။ 

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်၏ နိုင်ငံရေးပါတီအကြီးအကဲဖြစ်သူ ရစ်ချတ်ဖာရန်က ယခုပြဋ္ဌာန်းလိုက်သော ဥပဒေသစ်ကြောင့် ကလေးငယ်များ၏ လူမှုဆက်ဆံရေးဆိုင်ရာ အရည်အသွေးများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ပြင်သစ်နိုင်ငံ အီလက်ထရွန်နစ်နှင့် စာပို့လုပ်ငန်းအာဏာပိုင်အဖွဲ့က ၂၀၁၆ ခုနှစ်အတွင်း ပြုလုပ်သော စစ်တမ်းတစ်ရပ်အရ အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ် ၉၃ ရာခိုင်နှုန်းတွင် ဆဲလ်ဖုန်းရှိကြသည်။ ယင်းပမာဏသည် ၂၀၀၅ ခုနှစ်ကထက် ၇၂ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။ 

ပြင်သစ်သမ္မတအီမက်နျူယယ် မက်ခရွန်ကလာမည့် စက်တင်ဘာတွင် စတင်မည့် စာသင်နှစ်မတိုင်မီ ယင်းဥပဒေကို လွှတ်တော်က အတည်ပြုပေးလိမ့်မည်ဟု မျှော်လင့်ထားသည်။ 

F-01




FOLLOW US