News

POST TAGGED AS

အစိုးရ

မွန်တွင် ယာဉ်မတော်တဆမှု ပိုများလာ၍ အထူးစီမံချက်ဖြင့် ကြပ်မတ်မည်
မော်လမြိုင်၊ မတ်လ ၁၆

မွန်ပြည်နယ်တွင် မော်တော်ယာဉ် မတော်တဆမှုများ ပိုများလာသည့်အတွက် ပြည်နယ်အစိုးရက အထူးစီမံချက်ဖြင့် ဖမ်းဆီးအရေးယူသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုးတပ်၍ ဝတ်ဆင်မောင်းနှင်ရန်၊ ယာဉ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း အသုံးမပြုရန်၊ ဆိုင်ကယ်မောင်းနှင်နေစဉ် နားကြပ်တပ်၍ သီချင်းနားထောင်ခြင်း မပြုလုပ်ရန် စသည့်အချက်များပါသည့် စီမံချက်တစ်ရပ်ချမှတ်ထားပြီး ပညာပေးကာလအဖြစ် မတ်လ ၆ ရက်မှ ၂၁ ရက်နေ့ထိ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

“တစ်နေ့တခြားများလာတဲ့ ယာဉ်မတော်တဆမှုတွေကို အခုလို စနစ်တကျ စစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်၊ တစ်ပတ် နှစ်ပတ်လောက်လုပ်ပြီး ပြန်လွှတ်လိုက်တာမျိုးဆို အလကားပဲ၊ စဉ်ဆက်မပြတ် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေသင့်တယ်”ဟု မော်လမြိုင်မြို့ခံ ဦးသောင်းလွင်က ပြောသည်။

စီမံချက် ပညာပေးကာလပြီးဆုံးသွားသည့် မတ်လ ၂၁ ရက်မှစ၍ စည်းကမ်းလိုက်နာမှုမရှိသည့် ယာဉ်များကို မော်တော်ယာဉ်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဦးမြင့်သန်းဝင်းက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၇၄၂ မှု ဒဏ်ရာရရှိသူ ၁၁၂၂ ဦး၊ သေဆုံးသူ ၃၄၂ ဦးရှိပြီး ၂၀၁၇ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၉၅၁ မှု ဒဏ်ရာရရှိသူ ၁၅၇၉ ဦး၊ သေဆုံးသူ ၃၈၉ ဦးရှိသဖြင့် တစ်နှစ်အတွင်း အမှုပေါင်း ၂၀၉ မှု တိုးလာကာ ဒဏ်ရာရရှိသူ ၄၅၇ ဦး၊ သေဆုံးသူ ၄၇ ဦးတိုးလာကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ စာရင်းအရ သိရသည်။

Dawei Watch



FOLLOW US