News

POST TAGGED AS

အစိုးရ

07-Mar-2018

အစိုးရ e-Government
e-Government နှင့် NLD အစိုးရ
e-Government ဆိုတာ Process တစ်ခုပါ။ Package တစ်ခု၊ Product တစ်ခု ဝယ်တာမဟုတ်ပါဘူး။ အချိန်တိုင်းတာလို့ ရမှာမဟုတ်ဘူး။ ဘယ်တော့မှလည်း ပြီးဆုံးမယ့်ကိစ္စ မဟုတ်ပါဘူး”
အဲဒီစကားကို ပြီးခဲ့တဲ့နိုဝင်ဘာ ၇ ရက်နေ့တုန်းက နေပြည်တော် MICC2 မှာ ကျင်းပခဲ့တဲ့ -Government Conference မှာပါတဲ့ VIP Discussion Panel မှာ KMD ဦးသောင်းတင်က ပြောသွားခဲ့တာပါ။ တစ်နည်းအားဖြင့် e-Government ဆိုတာ ဘယ်လောက်အချိန်ကြာမှာလဲ၊ ဘယ်တော့ပြီးမှာလဲ၊ ငွေဘယ်လောက်ကုန်မှာလဲဆိုပြီး မေးခွန်းထုတ်နေခြင်းဟာ နားလည်မှုလွဲနေကြတာဖြစ်တယ်လို့ ဆိုလိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရရဲ့ တာဝန်ရှိသူတွေအနေနဲ့ e-Government ဆိုတဲ့ ဖြစ်စဉ်ကြီးအပေါ် ဘယ်လိုပါဝင်နေပြီလဲဆိုတာ စိတ်ပါဝင်စားတဲ့ပြည်သူတွေက စောင့်ကြည့်လေ့လာမှုတွေ၊ ဝေဖန်မှုတွေ တဖြည်းဖြည်း စတင်ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ အွန်လိုင်းသုံးစွဲသူတွေအတွက် လိုအပ်နေတဲ့ Cyber Law၊ အိုင်စီတီ နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါတဲ့ ICT Master Plan၊ NLD အစိုးရရဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်ရဲ့ အိုင်စီတီအပေါ်မှာ စိတ်ဝင်စားမှု စတာတွေကို -Government Conference မှာ အနည်းငယ် တီးခေါက်လေ့လာခွင့်ရခဲ့ပါတယ်။

အဓိကတာဝန်ရှိတဲ့ ဝန်ကြီးဌာန 

e-Government နဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ဝန်ကြီးဌာန ကတော့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပဲ ဖြစ်ပါတယ်။ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကတော့ အဲဒီဝန်ကြီးဌာနကို ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနလို့ သတ်မှတ်ထားရာကနေ NLD အစိုးရတက်လာတဲ့အချိန်မှာ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနဆိုတဲ့ ဝန်ကြီးဌာနနှစ်ခုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် တစ်ခုတည်းပေါင်းစည်းခဲ့ပါတယ်။ အဲဒီကနေမှတစ်ဆင့် ဦးသန့်စင်မောင်ဟာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ “ရေရှည် တည်တံ့ ဖွံ့ဖြိုးမှုကို ရရှိချင်ရင် e-Government ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ e-Government အခန်းကဏ္ဍမပါရင် ပြည့်စုံတဲ့ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ e-Government ညွှန်းကိန်းကိုကြည့်ရင်တော့ နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ ၁၆၉ ပဲ ရှိပါတယ်”ဆိုပြီး ဝန်ကြီးဟာ e-Government ကွန်ဖရင့်အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပုံကိုကြည့်ရင် e-Government အရေးပါတယ်ဆိုတာ အစိုးရအနေနဲ့ နားလည်ထားပြီးဖြစ်သလို မြန်မာနိုင်ငံဟာ e-Government မှာ အဆင့်အလွန်နိမ့်ကျနေတာကို သိရှိပြီးသားဖြစ်တယ်လို့ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ e-Government ခရီးစဉ်

မြန်မာနိုင်ငံဟာ e-Government ခရီးစဉ်ကို ၂၀၀၄ ခုနှစ်ကနေ စတင်လျှောက်လှမ်းခဲ့တာဖြစ်ပြီး ယခုအချိန်ထိ အလွန်နှေးကွေးစွာနဲ့ အိပဲ့အိပဲ့ လျှောက်လှမ်းနေဆဲပဲ ရှိပါသေးတယ်။ “e-Government က ခုအချိန်ထိ မအောင်မြင်သေးဘူး”လို့ ပြည်တွင်းက နည်းပညာကုမ္ပဏီပိုင်ရှင်တစ်ဦးက သုံးသပ်လိုက်ပါတယ်။ သို့ပေမယ့် အရင်ထက်စာရင် e-Service အတော်များများရနေတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ e-Government ဆိုတာ e-Service တွေကိုစုပေါင်းထားတာဖြစ်လို့ အစိုးရရဲ့ဝန်ဆောင်မှုတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေရဲ့ ဝန်ဆောင်မှုတွေကို ပြည်သူတွေဟာ အီလက်ထရွန်နစ်နည်းပညာနဲ့ ရရှိလာတဲ့အမျှ e-Government ကဏ္ဍ တဖြည်းဖြည်း တိုးတက်လာတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ e-Government ခရီးစဉ် နှောင့်နှေးကြန့်ကြာခဲ့တာဟာ ဆီးသီးဗန်းမှောက်ခဲ့တဲ့ ကိစ္စတွေဖြစ်ခဲ့လို့ဆိုပြီး ယူဆသုံးသပ်ကြသူ အများအပြားလည်း ရှိနေပါတယ်။ 

ဝန်ကြီးဌာနတွေရဲ့ e-Services

အစိုးရဝန်ကြီးဌာနအတော်များများဟာ သူတို့တွေရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို တိကျမှန်ကန်မြန်ဆန်စေဖို့အတွက် အီလက်ထရွန်နစ်ဝန်ဆောင်မှုများ၊ အွန်လိုင်းဝန်ဆောင်မှုများနဲ့ အစားထိုးလုပ်ဆောင်နေကြပါပြီ။ ဝန်ကြီးဌာနအတော်များများမှာတော့ ပြည်သူ့ထံကို ဌာနရဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေပေးနိုင်ဖို့အတွက် Website တွေ ရှိနေကြပြီဖြစ်ပါတယ်။ သို့ပေမယ့် တချို့ဝန်ကြီးဌာနတွေက ရှေ့ပြေးသလောက် တချို့ဝန်ကြီးဌာနတွေက နောက်ကောက်ကျကျန်နေဆဲပါပဲ။ လုပ်ငန်းအစအဆုံးကို အွန်လိုင်းကနေ လုပ်ဆောင်လို့ရတဲ့ဌာနဆိုတာကတော့ လက်ချိုးရေလိုရတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဒါ့အပြင် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းတာကြောင့် ထပ်တူသွားကျနေတာတွေလည်း အများကြီးရှိနေပါတယ်။ ဥပမာ-ဝန်ကြီးဌာနတစ်ခုက လုပ်ဆောင်ထားတဲ့ ရုံးလုပ်ငန်းဆိုင်ရာဖိုင်များ စီမံခန့်ခွဲမှုစနစ် ရှိပြီးသားဖြစ်ပေမယ့် တခြားဝန်ကြီးဌာနတစ်ခုကလည်း အဲဒီစနစ် အကောင်အထည်ဖော်ဖို့အတွက် တခြားကုမ္ပဏီတစ်ခုကို တင်ဒါခေါ်ပြီး လုပ်ဆောင်ထားတာတွေကို တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတော်အဆင့် ကော်မတီတစ်ခုခုကနေ ဝန်ကြီးဌာနအားလုံးကို နည်းပညာနဲ့ပတ်သက်ပြီး ကိုင်တွယ်အကြံပြု ဖြေရှင်းပေးတာမျိုး မရှိသေးတာကြောင့် ဝန်ကြီးဌာနတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ e-Service တွေကို လုပ်ဆောင်ကြရင်း စံနှုန်းမညီတာတွေ၊ ထပ်တူမကျတာတွေ ဖြစ်ပေါ်နေဆဲပါပဲ။ အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေရဲ့ e-Government ဆိုင်ရာ အကောင်အထည်ဖော်မှုတွေကို ပဲ့ကိုင်မောင်းနှင်ပေးဖို့အတွက် နိုင်ငံတော်အဆင့်ကော်မတီတစ်ခု လိုအပ်နေပြီဆိုတာ တာဝန်ရှိသူအားလုံး နားလည်ထားပြီးဖြစ်ပါတယ်။ 

အစိုးရသစ်ရဲ့ခြေလှမ်းများ

၂၀၁၇ ဧပြီလ ၁ ရက်နေ့တုန်းက နိုင်ငံတော်သမ္မတရုံးကနေ ဝန်ကြီးဌာနအားလုံးဆီကို မြန်မာယူနီကုတ်ကိုပဲ စံသတ်မှတ်ချက်အနေနဲ့ သုံးစွဲဖို့ အမိန့်ညွှန်ကြားချက် ထုတ်ခဲ့ပါတယ်။ အဲဒီအမိန့်ညွှန်ကြားချက်ဟာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမယ့်ကိစ္စဖြစ်ပေမယ့်လည်း အစိုးရသစ်ဟာ ပြည်သူတွေကြားမှာ သုံးစွဲနေတဲ့ စံနှုန်းမညီတဲ့ မြန်မာစာစနစ် (ဥပမာ-ဇော်ဂျီ) ကို သုံးစွဲနေတာကိုတော့ အခုချိန်ထိ ရပ်တန့်ပေးနိုင်စွမ်း မရှိသေးပါဘူး။ နောက်တစ်ခုအနေနဲ့ နိုင်ငံတော်သမ္မတရုံးဟာ ဝန်ကြီးဌာနအသီးသီးရဲ့ Chief Information Officer (CIO) များကို သီးခြားတာဝန်ပေးဖို့၊ CIO တွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့၊ e-Government အကောင်အထည်ဖော်ဖို့ တွန်းအားပေးရမယ်ဆိုတဲ့ အချက်တွေပါဝင်တဲ့ အမိန့်ညွှန်ကြားချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါ့အပြင် အစိုးရဝန်ကြီးဌာနတွေအနေနဲ့ Government Personnel Management System နဲ့ EDMS (Electronic Document Management System) တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲဖို့ ညွှန်ကြားထားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

၂၀၁၇ ဇန်နဝါရီကစတင်ပြီး Myanmar Web Portal ပရောဂျက်ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၈ မှာ အပြီးသတ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ မည်သူမဆို အစိုးရဌာနအသီးသီးရဲ့ ကိန်းဂဏန်းတွေ၊ အချက်အလက်တွေကို အဲဒီကနေတစ်ဆင့် သိရှိကြည့်ရှုနိုင်မယ်လို့ ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။ 

မကြာသေးခင်ကာလဖြစ်တဲ့ ၂၀၁၈ ဇန်နဝါရီလကုန်တုန်းက ဒေါ်အောင်ဆန်းစုကြည်က နာယကအနေနဲ့တာဝန်ယူပြီး e-Government ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်တာကိုလည်း တွေ့ရပါတယ်။ အရင်အစိုးရတုန်းက e-Government ကော်မတီဥက္ကဋ္ဌဟာ ဝန်ကြီးအဆင့်ပဲ ကိုင်တွယ်တာမို့ ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်လုပ်ကိုင်တဲ့အချိန်မှာ နှေးကွေးမှု၊ မအောင်မြင်မှုတွေ ရှိတယ်ဆိုတဲ့ ဝေဖန်သံတွေကြားမှာ လက်ရှိအစိုးရအနေနဲ့ e-Government ကော်မတီကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်တာဝန်တွေ များပြားလွန်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်အနေနဲ့ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်မှာ လမ်းညွှန်ကြီးကြပ်မှု အပြည့်အဝလုပ်နိုင်ပါ့မလားဆိုတာ စောဒကတက်စရာတော့ရှိပေမယ့် e-Government လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေး ကော်မတီဆိုတာကိုလည်း ဦးဆောင်ကော်မတီနဲ့အတူတူ ဖွဲ့စည်းပြီးဖြစ်တာမို့ အဆိုပါအကောင်အထည်ဖော်ဆောင်ရေးကော်မတီရဲ့ လုပ်ကိုင်နိုင်စွမ်းကို စောင့်ကြည့်အကဲခတ်ရမှာပဲ ဖြစ်ပါတယ်။ အခုထိတော့ ကော်မတီအစည်းအဝေးတွေ မစတင်နိုင်သေးဘူးလို့ သိရပါတယ်။ 

ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများ 

e-Government အကောင်အထည်ဖော်ရာမှာ အစိုးရသစ်အတွက် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု ၄ ချက်ရှိနေပါတယ်။ ပထမအချက်ကတော့ အစိုးရဌာနအဖွဲ့အစည်းအသီးသီးတွေရဲ့ စွမ်းဆောင်ရည် အားနည်းမှုပါပဲ။ နည်းပညာဆိုင်ရာ တတ်ကျွမ်းမှု အားနည်းတာတွေ၊ ခေါက်ရိုးကျိုးနေတဲ့ ပုံစံအတိုင်း ဆက်သွားချင်တဲ့ဝန်ထမ်းတွေ၊ အပြောင်းအလဲကို ကြောက်ရွံ့တဲ့ ဝန်ထမ်းတွေကလည်း ဒုနဲ့ဒေး ရှိနေဆဲပါပဲ။ -Government နဲ့အတူ ပွင့်လင်းမြင်သာမှုဆိုတာကလည်း တွဲကပ်ပါလာတာမို့ တချို့က ကိုယ့်ရဲ့လုပ်ကွက်လေး ပျောက်သွားမှာ စိုးရိမ်ကြသူတွေလည်း ရှိပါသေးတယ်။ ဒုတိယအချက်ကတော့ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းပါပဲ။ ဌာနတစ်ခုက အကောင်အထည်ဖော်ပြီးသွားပြီဖြစ်တဲ့ အွန်လိုင်း သို့မဟုတ် အိုင်တီနည်းပညာ ထုတ်ကုန်တစ်ခုကို အခြားဌာနက မသိဘဲ အဲဒီဌာနကလည်း တင်ဒါခေါ်ပြီး လုပ်ဆောင်နေတာတွေကြောင့် ပြည်သူတွေရဲ့ အခွန်ငွေတွေ အလဟဿဖြစ်နေတာတွေ၊ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်အောင် စောင့်ကြည့်ထိန်းချုပ်ပေမယ့် နိုင်ငံတော်အဆင့် ကော်မတီတစ်ရပ် မရှိသေးတာတွေပဲ ဖြစ်ပါတယ်။ တချို့နိုင်ငံတော်အဆင့်အနေနဲ့ ဆောင်ရွက်မယ့်ပရောဂျက်တွေ (ဥပမာ- National Identity Card Project) မှာ ဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။ တတိယအချက်ကတော့ နည်းပညာအခြေခံအဆောက်အဦ (IT Infrastructure) တွေ လိုအပ်နေတဲ့အချက်ပါပဲ။ ဥပမာ-မီးပွိုင့်တစ်ခုမှာ ဖြတ်သန်းသွားတဲ့ ကားတစ်စီးဟာ လိုင်စင်ရှိလား၊ လိုင်စင်မဲ့လားဆိုပြီး စစ်ဆေးမယ့်စနစ် (RFID Vehicle Registration System) ကို အစိုးရသစ်ဟာ စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားနေပြီဖြစ်ပေမယ့် စနစ်ကို စတင်ဖို့အတွက် အခြေခံအဆောက်အဦတွေ လိုအပ်နေတဲ့ စိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေရပါတယ်။ သို့ပေမယ့် အခြေခံအဆောက်အဦဆိုတာကတော့ ဘတ်ဂျက်နဲ့နည်းပညာရှိရင် ဖြေရှင်းလို့ရတဲ့ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ကြီးမားပါတယ်။ e-Government ဇီးသီးဗန်းမှောက်တဲ့ကိစ္စပါ။ e-Government ကို အကြောင်းပြပြီး မတန်တဆပစ္စည်းဝယ်ယူမှုတွေ၊ ကုမ္ပဏီတွေဘက်က လုံးဝမဖြစ်သင့်တဲ့ နှုန်းထားတွေရယူပြီး လုပ်ခဲ့တာတွေ စတဲ့ ဆီးသီးဗန်းမှောက်ခဲ့တာတွေဟာ အရင်အစိုးရတုန်းကလည်း ဖြစ်ခဲ့ပြီးပါပြီ။ အခုလက်ရှိ အစိုးရလက်ထက်မှာ e-Government ဆီးသီးဗန်း ထပ်မမှောက်ဖို့ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ဝန်ကြီးဌာနတွေဘက်ကတင်ပြလာတဲ့ e-Government ဆိုင်ရာ အသုံးစရိတ်တွေဟာ ဖြစ်သင့်သောနှုန်းထားများ ဟုတ်၊ မဟုတ်၊ ပြင်ပပေါက်ဈေးနှင့် ညီ မညီ စသည်တွေကို လွှတ်တော်အမတ်တွေက သေချာစိစစ်ရမှာ ဖြစ်ပါတယ်။ ၂၀၁၈ ဖေဖော်ဝါရီလ ၂၂ ရက်တုန်းက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေးသွားကြတဲ့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအစီရင်ခံစာအရ ပညာရေးဝန်ကြီးဌာနက ကွန်ပျူတာဝယ်ယူဖို့ တောင်းခံထားတဲ့စာရင်းမှာ Desktop တစ်လုံး ၁၃ သိန်း၊ Laptop တစ်လုံး ၁၅ သိန်းနှုန်းနဲ့ Desktop အလုံးပေါင်း ၁၂၀၀ ကျော်၊ Laptop အလုံးပေါင်း ၂၀၀ ကျော် စတဲ့ ပြင်ပပေါက်ဈေးထက် အဆများစွာ တင်ပြတောင်းခံမှုကို ကြည့်ခြင်းအားဖြင့် သေချာစိစစ်ကြပ်မတ်မှု လိုအပ်နေပြီလို့ ပြောရတော့မှာပဲ ဖြစ်ပါတယ်။ 

မချိတင်ကဲဖြစ်စရာတွေ

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ညည်းတွားနေကျစကားတစ်ခွန်း ရှိပါတယ်။ ဒီအစိုးရဟာ စီးပွားရေးကို စိတ်မဝင်စားဘူးဆိုတဲ့ စကားပါပဲ။ တကယ့်အခြေအနေမှာလည်း အစိုးရသစ်ဟာ ငြိမ်းချမ်းရေးကိုသာ အားသွန်ခွန်စိုက် ကြိုးစားနေဆဲဖြစ်ပြီး ကျန်ရှိတဲ့ကဏ္ဍများကို အနောက်ကို ရွှေ့ထားတာကို တွေ့ရပါတယ်။ အဲဒီထဲမှာ e-Government အကောင်အထည်ဖော်ရေးကိစ္စဆိုတာကလည်း တစ်ခုအပါအဝင်ပါ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ထဲမှာ နည်းပညာတတ်ကျွမ်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မပါဝင်တာကြောင့် e-Government စနစ် မြန်မြန်ဆန်ဆန် အောင်မြင်ဖို့အတွက် လိုအပ်တဲ့ဥပဒေတွေ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ ပြင်ဆင်သင့်တဲ့ဥပဒေတွေလည်း မပြင်ဆင်နိုင်သေးပါဘူး။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း အချိုးအကွေ့တစ်ခုသဖွယ် ဖြစ်သွားစေမယ့် e-Government ဆိုင်ရာ ခြေလှမ်းသစ်လှမ်းတာမျိုး ယခုအချိန်ထိတော့ မတွေ့ရသေးပါ။ သို့ပေမယ့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးကတော့ “e-Government သမိုင်းစာမျက်နှာသစ်ကို ကျွန်တော်တို့ ဖွင့်လှစ်ကြရအောင်” ဆိုပြီး e-Government Conference အဖွင့်မိန့်ခွန်းအဆုံးသတ်မှာ ထည့်သွင်းပြောကြားသွားတာကို ကြည့်ခြင်းအားဖြင့် သမိုင်းစာမျက်နှာသစ်အား တစ်ချိန်ချိန်မှာတော့ ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ရင်း...။

ဇော်သူရိန်ထွန်း



FOLLOW US