News

POST TAGGED AS

အစိုးရ

အစိုးရရုံးကို ဗုံးကြဲခဲ့သော လေယာဉ်မှူး ခိုအောင်းရာနေရာကို ဗင်နီဇွဲလားအစိုးရတပ်များ ဝင်စီး


ကရာကတ်စ်၊ ဇန်နဝါရီ ၁၅

ပြီးခဲ့သည့်နှစ်က ဗင်နီဇွဲလားအစိုးရ အဆောက်အအုံများကို ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကိုင်သူပုန်ထမှုကို ဦးဆောင်နေသူဟု စွပ်စွဲခံရသူ လေယာဉ်မှူး အော်စကာပီရက်ဇ်ကို ဖမ်းဆီးရန် ဆောင်ရွက်သောစစ်ဆင်ရေးတွင် ရဲအရာရှိနှစ်ဦးနှင့် အကြမ်းဖက်သမားအများအပြား သေဆုံးကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။

ပီရက်ဇ်နှင့် အချိတ်အဆက်ရှိသော မြို့တော်ကရာကတ်စ်အနီးရှိ အယ်လ်ဂျွန်ကီတိုမြို့မှ အိမ်တစ်အိမ်ကိုဗင်နီဇွဲလား အစိုးရတပ်များက ဝိုင်းရံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ရာဇဝတ်ဂိုဏ်းနှင့် အဆက်အစပ်ရှိသူငါးဦးကို ဖမ်းဆီးထားကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ပီရက်ဇ်ကိုမိ၊ မမိမှာမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ပီရက်ဇ်သည် ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့သည်ဟုထင်ရှားသော အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒီယိုစ်ဒါဒိုကာဘယ်လိုက တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ပီရက်ဇ်သည် ပြီးခဲ့သည့်နှစ် ဇွန်လ ၂၇ ရက်နေ့တွင် ရဟတ်ယာဉ်တစ်စင်း ခိုးယူပြီး အစိုးရအဆောက်အအုံများပေါ်သို့ လက်ပစ်ဗုံးများ ပစ်ဖောက်တိုက်ခိုက်ခဲ့မှုဖြင့် အလိုရှိခံနေရသူဖြစ်သည်။

ဇန်နဝါရီလ ၁၅ ရက်နေ့က လူမှုကွန်ရက်ပေါ်တွင် တင်ထားသောဗီဒီယိုဖိုင်တစ်ခုတွင် ပီရက်ဇ်က ၎င်းသဘောအလျောက် အဖမ်းခံရန် ကမ်းလှမ်းခဲ့သော်လည်း အာဏာပိုင်များက အစောပိုင်းတွင် လက်နက်ချရန် ဆွေးနွေးခြင်းထက် အသေဖမ်းရန်သာ ကြိုးစားခဲ့သည်ဟု ပြောကြားခဲ့သည်။

“သူတို့က ကျွန်တော်တို့ကို RPG တွေနဲ့ ထုနေပါတယ်။ အထဲမှာအရပ်သားတွေပါ ရှိနေပါတယ်။ ကျွန်တော်တို့ဘာသာ ထွက်အဖမ်းခံမယ်ဆိုပေမယ့် သူတို့က ကိုယ့်ဘာသာအဖမ်းခံတာကို မလိုချင်ဘူးဖြစ်နေတယ်။ ကျုပ်တို့ကို သတ်ချင်နေတာ”ဟု သွေးသံရွှဲရွှဲဖြင့် ဒဏ်ရာရထားပုံပေါ်သော ပီရက်ဇ်က ပြောကြားခဲ့သည်။

သူနှင့်ရှိနေသူများမှာ အဆောက်အအုံအတွင်း ဝပ်၍ ပုန်းအောင်းနေရပြီး ယခုအခါ ဆွေးနွေးညှိနှိုင်းနေသည်ဟု ပီရက်ဇ်က ပြောကြားခဲ့သည်။

ဓာတ်ပုံမျှဝေသည့် လူမှုကွန်ရက် Instagram တွင် ပီရက်ဇ်တင်ထားသော ဗီဒီယိုဖိုင်၌ နောက်ဆုံးအနေနှင့် ဗင်နီဇွဲလားပြည်သူများ မျှော်လင့်ချက်ကို မစွန့်လွှတ်ကြရန် မှာခဲ့လိုကြောင်း ပြောကြားထားသည်။

ယမန်နှစ်ကအတိုက်အခံများ လမ်းပေါ်ထွက် ဆန္ဒပြပွဲများပေါ်ပေါက်နေချိန်တွင် ပီရက်ဇ်သည် ဗင်နီဇွဲလားတရားရုံးချုပ်ကို ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယမန်နှစ် ဇူလိုင်လ ၅ ရက်နေ့က အွန်လိုင်းပေါ်တွင် တင်ခဲ့သောဗီဒီယိုဖိုင်၌ ပီရက်ဇ်က အစိုးရကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြွေးကြော်ခဲ့ပြီး ဗင်နီဇွဲလားတွင် လူပြောအများဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

သမ္မတ နီကိုလပ်စ်မာဒူရိုကမူပီရက်ဇ်သည် အကြမ်းဖက်သမားတစ်ဦးသာဖြစ်ပြီး အာဏာသိမ်းရန် စစ်ရဟတ်ယာဉ်ကို ခိုးယူကာ တရားရုံးပေါ် လက်ပစ်ဗုံးများ ပစ်ချခဲ့မှုဖြင့် စွပ်စွဲခဲ့သည်။

အသက် ၃၀ ဝန်းကျင်ရှိသော ပီရက်ဇ်သည် CICPC ၏ ထင်ရှားသော သေမှုသေခင်းဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ၁၅ နှစ်ကြာ တာဝန်ယူရသူဖြစ်သည်။

ပီရက်ဇ်သည် အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လေတပ်ဌာနခွဲ၏ စစ်ဆင်ရေးမှူးဖြစ်သည်ဟုလည်း ဗင်နီဇွဲလားမီဒီယာအချို့က ဖော်ပြကြသည်။

ပီရက်ဇ်သည် ရေငုပ်ရင်းပြောင်းကျယ် သေနတ်ကိုကိုင်ကာ စတိုင်အပြည့်ဖြင့် ဓာတ်ပုံရိုက်ခံခြင်း၊ မိတ်ကပ်ဘူးမှန်ကိုကြည့်၍ နောက်မှပစ်မှတ်ကို ပခုံးပေါ်မှာ ကျော်ပစ်ပြခြင်းကဲ့သို့သောပုံများကို လူမှုကွန်ရက်ပေါ်တွင် တင်လေ့ရှိသူဖြစ်သည်။

F-03



FOLLOW US