News

POST TAGGED AS

အစိုးရ

28-Sep-2017

အစိုးရ
အစိုးရကို ဆန့်ကျင်ကြောင်း သပိတ်စခန်း ဖွင့်သူများကို တရားစွဲဆိုခဲ့သည့် မန္တလေးခရိုင် သာသနာရေး ဦးစီးမှူးကို စစ်ဆေး
မန္တလေး၊ စက်တင်ဘာ ၂၈

အစိုးရကို ဆန့်ကျင်ကြောင်း သပိတ်စခန်း ဖွင့်သူများကို နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် တရားစွဲဆိုခဲ့သည့် မန္တလေးခရိုင် သာသနာရေးဦးစီးမှူးကို စစ်ဆေးပြီးစီးသွားပြီ ဖြစ်ကြောင်း  ချမ်းမြသာစည်မြို့နယ် တရားရုံးထံမှ သိရသည်။

“ဒီနေ့က စစ်လက်စ တရားလိုကိုပဲ ဆက်စစ်တာ။ သူ့ကို ဒီနေ့အပြီးစစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ကိုးဦး တင်ထားပါတယ်။ လာမယ့်ရုံးချိန်းမှာ သူတို့ထဲက တစ်ယောက်ယောက်ကို စစ်ဆေးသွားမှာပါ” ဟု ယင်းတရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောကြားသည်။

နိုင်ငံတော်အစိုးရသည် ဗုဒ္ဓဘာသာ ရဟန်းတော်များကို ဖိနှိပ်ပြီး ဘာသာခြားများကို မြှောက်စားသည်ဟု ဆိုကာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူများ အမည်ခံသည့် ရဟန်းသံဃာတော် အချို့နှင့် လူပုဂ္ဂိုလ်အနည်းငယ်တို့က အစိုးရကို ဆန့်ကျင်သည့် အနေနှင့် ချမ်းမြသာစည်မြို့နယ် အတွင်းရှိ သာသနာတော် ၂၅၀ဝ ဗိမာန်တော်တွင် ဩဂုတ်လဆန်းပိုင်းက သပိတ်စခန်း ဖွင့်လှစ်ခဲ့ခြင်းကြောင့် မန္တလေး ခရိုင်သာသနာရေးဦးစီးမှူး ဦးတင်မောင်အေးက တရားစွဲဆိုထားသော အမှုဖြစ်သည်။

ယင်းသို့ သပိတ်စခန်း ဖွင့်ခဲ့ခြင်းနှင့် ပတ်သက်၍ မန္တလေး ခရိုင်သာသနာရေး ဦးစီးမှူး ဦးတင်မောင်အေးက သံဃာတော်ရှစ်ပါးကို တရားစွဲထားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက လူပုဂ္ဂိုလ်လေးဦးကို တရားစွဲထားသော်လည်း သံဃာတော်နှစ်ပါးနှင့် လူပုဂ္ဂိုလ်လေးဦးတို့ လွတ်မြောက်နေရာ ၎င်းတို့ကို တရားခံပြေးအဖြစ် ချမ်းမြသာစည်မြို့နယ် တရားရုံးက ကြေညာထားသည်။ 

ယင်းအမှုကို ဆက်လက်စစ်ဆေးရန်အတွက် ချမ်းမြသာစည်မြို့နယ် တရားရုံးက အောက်တိုဘာလ ၁၁ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားသည်။         
M-04



FOLLOW US