News

POST TAGGED AS

အစိုးရ

30-Jul-2017

အစိုးရ
နိုင်ငံဆင်းရဲ၍ ကျောင်းပြင်ပ ပညာရေး အားကိုးနေရဆဲဟု လူမှုရေးဝန်ကြီး ပြောကြား
ပြည်၊ ဇူလိုင် ၂၉

အစိုးရအနေနှင့် နိုင်ငံတကာကဲ့သို့ အခမဲ့ပညာရေး လုပ်ဆောင်နေသော်လည်း နိုင်ငံဆင်းရဲ၍ ကျောင်းပြင်ပ ပညာရေးကို အားကိုးနေရဆဲ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေဝန်ကြီး ဦးမောင်မောင်လွင်က ပြောကြားသည်။

ကျောင်းပြင်ပ ပညာရေး မူလတန်းလွန်အဆင့် သင်ကြားရေး ဖွင့်လှစ်ပွဲကို ပြည်မြို့ အထက (၁) တွင် ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက ကျင်းပရာ ယင်းအခမ်းအနားတွင် လူမှုရေးဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“အခုကျောင်းတွေမှာ အခမဲ့ပညာရေးတွေ လုပ်ပေးနေတယ်။ အဲဒီကျောင်းတွေမှာတောင် မိဘက အချိန်ပြည့် မပို့နိုင်တော့ ကျောင်းပြင်ပပညာရေးကိုပဲ အားကိုးနေရတယ်” ဟု ဦးမောင်မောင်လွင်က ပြောကြားသည်။ 

မူလတန်းဆင့်မှ အလယ်တန်းဆင့် အကူးအပြောင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်သည့် ကလေးများကိုလည်း အသက်မွေးဝမ်းကြောင်းပညာများ (ဥပမာ- ဝရိန်၊ တွင်ခုံ) သင်ပေးခြင်းဖြင့် ပြည်တွင်းသာမက ပြည်ပအလုပ်အကိုင်ပါ ရရှိနိုင်ကြောင်း ၎င်းက ပြောဆိုသည်။ 

ပြည်ခရိုင်အတွင်း ကျောင်းပြင်ပပညာရေး မူလတန်းလွန်အဆင့် သင်ကြားရေးကျောင်း ၁၉ ကျောင်းတွင် ပထမအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၉၈ ဦး၊ ဒုတိယအဆင့် ကျောင်းသား၊ ကျောင်းသူ ၉၆ ဦးကို ဆရာ၊ ဆရာမ ၂၉ ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အထွေထွေ၊ ရပ်ရွာဒေသ လူမှုရေး လုပ်ငန်းများဆိုင်ရာများ သင်ကြားမည် ဖြစ်သည်။ 

ပြည်မြို့နယ် ဒုတိယ ပညာရေးမှူး ဦးအေးလွင်က “ကျောင်းတွေမှာ လေးငါးနှစ်တက်မှ မူလတန်းကိုပြီးမယ်၊ ဒီမှာက ၂ နှစ်နဲ့ အချိန်ပိုင်းပဲ တက်ရပြီးတော့ မူလတန်းအဆင့်ကို ပြီးမယ်၊ ဒေသနဲ့ ကိုက်ညီတဲ့ စီးပွားရေး အိမ်တွင်းထုတ်လုပ်မှုတွေပါ သင်ကြားပေးနေတယ်” ဟု ပြောကြားသည်။

ကျောင်းပြင်ပ မူလတန်းလွန်အဆင့် ပညာသင်ကြားရေးအား အသက် ၁၀ နှစ် မှ ၁၄ နှစ်အတွင်း အလုပ်လုပ်နေရသည့် ကလေးငယ်များကို တစ်နေ့လျှင်၂နာရီခွဲ တစ်ပတ် ၆ ရက် ဇူလိုင်လဆန်းမှစ၍ သင်ကြားနေကြောင်း ပြည်မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

M-06



FOLLOW US