News

POST TAGGED AS

အစားအစာ

အစားအသောက် ဘေးအန္တရာယ်ကင်းရေး လမ်းဘေးဈေးသည်များကို ကြပ်မတ်မည်

ရန်ကုန်၊ မတ် ၂၁

လမ်းဘေးဈေးသည်များ အစားအသောက်များ ရောင်းချရာ၌ အစားအသောက် ဘေးအန္တရာယ် ကင်းစေရေးကို နည်းလမ်း လေးသွယ်ဖြင့် ကြပ်မတ် ဆောင်ရွက်မည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

ဆွဲဆောင် သိမ်းသွင်းသောနည်း၊ အမှတ်တံဆိပ် ကပ်ပေးသောနည်း၊ အချင်းချင်း စည်းရုံးသောနည်း၊ တာဝန်ရှိသူများက ကွပ်ကဲကြပ်မတ်သောနည်း စသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရုတ်ခြည်းဝင်စစ်တာနဲ့ ပုံမှန်ဝင်ပြီး စစ်ဆေးတာပေါ့။ လိုက်နာလား၊ မလိုက်နာလားကြည့်ပြီး မလိုက်နာရင် ပညာပေး၊ ဆိုင်ခဏပိတ် စတဲ့စီမံခန့်ခွဲမှုအရ အရေးယူတာတွေရှိမယ်။ ဘယ်လိုမှ ပြောလို့မရဘူးဆိုရင် ဆိုင်ပိတ်သိမ်းမှာပေါ့။ ဒါမှထပ်ပြီး အန္တရာယ် ဖြစ်လောက်အောင် ချိုးဖောက်ရင် အစားအသောက် ဥပဒေတို့၊ စည်ပင်သာယာ ဥပဒေတို့နဲ့ အရေးယူသွားမှာပါ”ဟု ဒေါက်တာသန်းထွဋ်က ရှင်းပြသည်။

ဈေးဆိုင်တန်းများတွင် အစားအသောက် ရောင်းချသူများကို အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လေ့ကျင့် သင်ကြားပေးသည့် သင်တန်းများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း ဆောင်ရွက်သည့် ရက်တိုသင်တန်းများအပြီးတွင် ကြပ်မတ်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါရက်တို သင်တန်းကို မတ်လ ၁၈ ရက်နေ့မှစတင်ကာ ပို့ချပေးနေခြင်း ဖြစ်သည်။

“အရေးယူ အပြစ်ပေးတာထက် ဆွဲဆောင် သိမ်းသွင်းတဲ့နည်းကို ပိုသွားမယ်။ တချို့ကျတော့လည်း အရေးယူမှရတယ်။ လိုက်နာမှု ကောင်းတဲ့ဆိုင်တွေကို Special Mark ပေးပြီး ကျွန်တော်တို့ တရားဝင် ကြေညာပေးလိုက်မယ်”ဟု ဒေါက်တာသန်းထွဋ်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ ရက်တို သင်တန်းများ ပြီးစီးသွားပါက မန္တလေး၊ နေပြည်တော်အပြင် အခြားသော မြို့နယ်ရှိ ဈေးများကိုပါ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ရက်တိုသင်တန်းတွင် အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေး ပြည့်မီရေး၊ တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းရေး စသည့်အချက်များကို ပို့ချပေးလျက်ရှိသည်။

J-12



FOLLOW US