News

POST TAGGED AS

အစားအစာ

ဘားအံ၌ ကရင်ရိုးရာအစားအစာပြပွဲနှင့် တာလပေါပြိုင်ပွဲ ပထမဆုံးပြုလုပ်မည်
ဘားအံ၊ ဇွန် ၃၀

ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ (မြို့တော်ခန်းမ) ကရင်ရိုးရာအစား အစာပြပွဲနှင့် တာလပေါ ဟင်းချက်ပြိုင်ပွဲကို ဇူလိုင် ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ကရင်) ထံမှ သိရသည်။ 

ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရန်နှင့် ရိုးရာအစားအစာများကို ပြန်လည်ဖော်ထုတ်နိုင်ရန် ရည်ရွယ်ပြီး အဆိုပါပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း ယင်းပြပွဲပြိုင်ပွဲတွင် ဘားအံမြို့ရှိ စားသောက်ဆိုင်များမှ ကရင်ရိုးရာအစားအစာများကို ပြသမည်ဖြစ်ပြီး တာလပေါပြိုင်ပွဲအနေနှင့် စားသောက်ဆိုင်များနှင့် ဘားအံမြို့ဝန်းကျင်ရှိ ကျေးရွာအချို့မှ ပြိုင်ပွဲဝင်ပေါင်း ၁၆ ဖွဲ့မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

“ပြိုင်ပွဲအတွက်က ညှိနှိုင်းပြင်ဆင်နေတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ဟင်းအမယ်တွေနဲ့ ပန်းကန်ခွက်ယောက်တွေကို ကိုယ့်ဘာသာကိုယ်ယူလာရမယ်။ ဂက်စ်မီးဖိုနဲ့ ချက်မယ့်အိုးတော့ ဒီဘက်ကပြင်ဆင်ထားပေးတယ်။ နောက်ပြီး ပြိုင်ပွဲချိန်က ၄၅ မိနစ်ဆိုတော့ အကြာကြီးပြုတ်ရမယ့် မျှစ်တို့လို၊ ဆန်လှော်ထောင်းတို့လိုဟာမျိုးကို ကြိုပြီးလုပ်လာပိုင်ခွင့်ပေးတယ်”ဟု မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်) ဥက္ကဋ္ဌ ဦးအောင်မျိုးသန့်က ပြောကြားသည်။

ပြပွဲတွင် ကရင်ရိုးရာအစားအစာများအနေနှင့် ဟင်းမည်အမျိုးအစားများတွင် တာလပေါဟင်း၊ ဝက်ဝါးကျည်တောက် အစာသွတ်၊ ကရင်ရိုးရာ ငါးဆုပ်ဟင်း၊ ကရင်မုဆိုးဟင်း၊ ဆိတ်သားကရင်ချက်၊ ကဒတ်ဟင်းချို၊ ခရမ်းကစော့သီး ငါးပိထောင်း၊ ကရင်ရိုးရာဆန်ကောထမင်း၊ ပိန်းဥမျှစ် ခရုဟင်းတို့ကို ပြသမည်ဖြစ်ပြီး မုန့်ပဲသရေစာအနေနှင့် ကဒတ်မုန့်၊ ထန်းသီးမုန့်တို့နှင့်အတူ ကရင်ခေါင်ရည်တို့ကို ပြသမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဇွဲကပင်တာလပေါဆိုပြီးတော့ သွားပြဖို့ရှိတယ်။ ရက်မကူးသေးတဲ့ (ချိုးထားတာမကြာသေးတဲ့) မျှစ်နဲ့ တညင်းဝက်နဲ့ တောဆန်ကိုထောင်းပြီးချက်မယ့် သက်သတ်လွတ်တာလပေါပါ။ လတ်ဆက်တဲ့မျှစ်ကို သုံးမှာဖြစ်လို့ အချိုမှုန့် ဟင်းခတ်မှုန့်တွေ လုံးဝသုံးမှာမဟုတ်ပါဘူး။ အဓိကက အချိုမှုန့်မပါဘဲ ချိုတဲ့အရသာကို ပြချင်တာပါ။ ဇွဲကပင်တောင်ပေါ်လာတဲ့ နိုင်ငံခြားသားတွေက သဘောကျတာမျိုးတော့ တွေ့ရတယ်”ဟု ယင်းပြိုင်ပွဲသို့ ဝင်ရောက်မည့် ဦးကြည်ဝင်းက ပြောကြားသည်။

တာလပေါပြိုင်ပွဲဝင်သူများအနေနှင့် တစ်ဖွဲ့လျှင် ၃ ဦးဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပါဝင်အသားများအနေနှင့် ကြက်၊ ဝက်၊ ငါး၊ ပုစွန်၊ ခရု၊ ဖားတို့ဖြင့် ချက်ပြုတ်ရမည်ဖြစ်ကာ အချိုမှုန့်၊ ဟင်းခတ်မှုန့် (ကြက်သားရသာမှုန့်) တို့ကို လုံးဝမသုံးရကြောင်း၊ ဟင်းခတ်အမည်များဝယ် ယူနိုင်ရန်အတွက်တစ်ဖွဲ့လျှင် ကျပ်တစ်သောင်း ထောက်ပံ့သွားပေးမည်ဖြစ်ပြီး ဆုကြေးအနေနှင့် ပထမဆု ကျပ် ၂ သိန်း၊ ဒုတိယဆုကို ကျပ်တစ်သိန်းခွဲ၊ တတိယဆုကို ကျပ်တစ်သိန်းချီးမြှင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်) ထံမှသိရသည်။ 

R-17




FOLLOW US