News

POST TAGGED AS

အစာအဆိပ်သင့်

ပဲခူး ရေဘေးစခန်းမှ အစာအဆိပ်သင့်သူများကို ဆေးရုံက ဆက်လက်စောင့်ကြည့်
တောင်ငူ၊ ဇူလိုင် ၃၀

ပဲခူးတိုင်း ပဲခူးမြို့နယ် ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုမှ အစာအဆိပ်သင့်ပြီး ပဲခူးဆေးရုံကြီး၌ တက်ရောက် ကုသမှုခံယူနေရသူ ကလေးငယ်များအပါအဝင် အမျိုးသား၊ အမျိုးသမီး ၂၃ ဦးသည် သက်သာသော်လည်း ဆက်လက်စောင့်ကြည့်ရန် ဆေးရုံပေးမဆင်းသေးကြောင်း ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်အောင်က ပြောကြားသည်။

ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းမှ လူဦးရေ ၄၃ ဦးခန့်သည် ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းက ကျွေးသည့် ကြက်ဥနှင့် ငုံးဥဟင်းများဖြင့် စားသောက်ခဲ့ပြီး နေ့လယ်ပိုင်း၌ နို့စတော်ဘယ်ရီ ရေခဲချောင်းများ စားသောက်ခဲ့ပြီးနောက် ညနေပိုင်းတွင် မူးဝေအော့အန်မှုများ ဖြစ်ပေါ်ခဲ့၍ ပဲခူးဆေးရုံကြီးသို့ ၂၃ ဦး တက်ရောက်ကုသခဲ့ရခြင်းဖြစ်သည်။

“ကလေးတွေရော လူကြီးတွေရော စိုးရိမ်စရာမရှိပေမယ့် ဆက်လက်စောင့်ကြည့် ကုသပေးနေရပါတယ်”ဟု ဒေါက်တာရန်နိုင်အောင်က ပြောဆိုသည်။

ပဲခူးတိုင်းအတွင်း မြို့နယ် ၉ ခုတွင် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရပြီး ကယ်ဆယ်ရေးစခန်း ၅၀ ကျော်ဖွင့်လှစ်၍ လူဦးရေ ခြောက်သောင်းခန့်ကို ကယ်ဆယ်ထားရပြီး ပဲခူးမြို့အတွင်း၌ပင် ကယ်ဆယ်ရေးစခန်း ၃၃ ခုတွင် လူဦးရေ ၂၇,၀၀၀ ကျော် ရေဘေးကြုံနေရသည်။

တောင်ငူနှင့် မဒေါက်မြို့များတွင် စစ်တောင်းမြစ်ရေ၊ ရွှေကျင်တွင် စစ်တောင်းမြစ်နှင့် ရွှေကျင်ချောင်း၊ ကျောက်ကြီးတွင် ကျောက်ကြီးချောင်းနှင့် ပဲခူးမြို့တွင် ပဲခူးမြစ်များ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်မြင့်တက်ခြင်းကြောင့် ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရသည်။

R-15



FOLLOW US