News

POST TAGGED AS

အစာအဆိပ်သင့်

မူဆယ်တွင် မှိုအဆိပ်သင့်၍ ခြောက်ဦး ဆေးရုံရောက်၊ တစ်ဦးသေဆုံး
မူဆယ်၊ ဇွန် ၁၇

တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားခြောက်ဦး မှိုအဆိပ်သင့်ခဲ့ခြင်းကြောင့် မူဆယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဇွန်လ ၁၆ ရက်နေ့က ယင်းလူနာခြောက်ဦးအနက် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်း ၎င်းတို့ကို ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရှိ ရသည်။

ယင်းသို့ဆေးရုံလာတက်သူ ခြောက်ဦးအနက် ကိုခင်မောင်အေး ၁၉ နှစ်သည် သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီးလူနာတစ်ဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေရှိကြောင်း မူဆယ်မြို့ စေတနာပရဟိတအသင်းမှ ဦးမြင့်အောင်က ပြောကြားသည်။

အဆိုပါ မှိုအဆိပ်သင့်သူ ခြောက်ဦးမှာ တရုတ်နိုင်ငံရှိ ငရုတ်စိုက်ခင်းတစ်ခုတွင် အလုပ် လုပ်ကိုင်နေသူများဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့ နံနက်က မှိုဟင်းစားသုံးရာမှ အစာအဆိပ်သင့်သဖြင့် တရုတ်နိုင်ငံဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ပြီး မူဆယ်ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့မှာအကူအညီလိုသည့်အတွက် ဆေးရုံနှင့် မြို့ပေါ် လူမူကူညီရေး ပရဟိတအသင်းများထံ ဆယ်သွယ် အကူအညီ ယူထားခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံ ဦးပြည့်စုံက ရှင်းပြပြောဆိုသည်။

မူဆယ်ဆေးရုံသို့ ဇွန်လ ၁၃ ရက်နေ့က မှိုအဆိပ်သင့်၍ ရောက်ရှိလာသည့် ယင်းလူနာခြောက်ဦးအပြင် ဇွန်လ ၁၄ ရက်နေ့၌ မူဆယ်မြို့မှ ဒေသခံငါးဦးမှာလည်း မှိုအဆိပ်သင့်မှုဖြင့် ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး လေးဦးမှာ ကျန်းမာလာသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း၊ ကျန်ခြောက်ဦးမှာမူ ဆက်လက် ဆေးကုသမှုခံယူနေကြောင်း ယင်းဆေးရုံထံမှ သိရသည်။

မှိုစားမိရာမှ အဆိပ်သင့်ရခြင်းမှာ မှို၏အဆိပ်ကြောင့်ဖြစ်ခြင်းအပြင် မှိုအနီး တွင်အဆိပ်ပါသော မြွေကအန်ထားရာမှ မြွေအဆိပ်ကိုပါ စားမိခြင်းအပြင် မြေကြီးထဲတွင် စိမ့်ကျန်နေသည့် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကြောင့်လည်း အဆိပ်သင့်ရခြင်းဖြစ်နိုင်ကြောင်း မူဆယ်ဒေသခံများက သုံးသပ်ပြောကြားသည်။

R-07



FOLLOW US