News

POST TAGGED AS

အငှားအိမ်ရာ

ပုသိမ်တွင် အစိုးရ ဝန်ထမ်းများအတွက် အငှားအိမ်ရာ ဆောက်မည်
ပုသိမ်၊ နိုဝင်ဘာ ၂၆

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ရှိ အစိုးရဝန်ထမ်းများ နေထိုင်နိုင်ရေးအတွက် အထပ်မြင့် အငှားအိမ်ရာများ တည်ဆောက်ခွင့်ကို ပြည်ထောင်စု အစိုးရထံ တင်ပြထားပြီး ဘတ်ဂျက်ရရှိပါက စတင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။ 

စီမံကိန်း ဖော်ဆောင်ရန်အတွက် အထပ်မြင့်တိုက်ခန်း ၃၂၀ ခန်းကို ဖော်ထုတ်နိုင်မည့် ပေ ၄၀ x ၆၀ခန့် မြေကွက် ၅၀ ကို ရရှိထားကြောင်း၊ ပုသိမ်မြို့တွင် တာဝန် ထမ်းဆောင်နေသော အစိုးရဝန်ထမ်းများ အိမ်ရာ အခက်အခဲအတွက် အဆင်ပြေစေရန် တိုင်းဒေသကြီး အစိုးရက စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“လက်ရှိ အခြေအနေမှာ ပုသိမ်မြို့မှာ အိမ်ရာ အခက်အခဲ ရှိနေတဲ့ ဝန်ထမ်း ၂၅၀ ကျော် ရှိနေတယ်၊ အပြင်မှာ နေအိမ် အခန်းတွေ ဈေးကြီးပေး ငှားရမ်းနေထိုင်ကြရတယ်၊ အစိုးရအနေနဲ့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ငှားရမ်းပေးမှာပါ၊ အဓိက ကတော့ ဝန်ထမ်းတွေ နေထိုင်မှုစရိတ် သက်သာစေဖို့ပါ”ဟု ၎င်းက ပြောဆိုသည်။ 

ယင်းအပြင် အထပ်မြင့် တိုက်ခန်း ၆၀ဝ ကျော်ကို ဖော်ထုတ်နိုင်မည့် ပေ ၄၀ x ၆၀ မြေကွက် ၁၀ဝ ကွက်တွင်လည်း ပင်စင်စားများအတွက် အရစ်ကျပေးသွင်းစနစ်ဖြင့် တိုက်ခန်းများ ရောင်းချပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ဝန်ထမ်းများအတွက် အထပ်မြင့် အငှားတိုက်ခန်း ၃၂၀ ခန်း ပြည်ထောင်စု အစိုးရ ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပင်စင်စားများအတွက် အထပ်မြင့် တိုက်ခန်း ၆၀ဝ ကျော်ကိုမူ ဆောက်လုပ်ရေး ဘဏ်လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ဝန်ဆောင်မှု ပြုလုပ်မည့် အခြားသော ဘဏ်လုပ်ငန်းများဖြင့် ချိတ်ဆက်ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းစီမံကိန်း ကော်မတီထံမှ သိရသည်။

“ဝန်ထမ်းတွေအတွက် အငှားအိမ်ရာ စီစဉ်တာမှာ အမှန်တကယ် အခက်အခဲ ရှိနေသူတွေကို စိစစ်ပြီး နေရာချပေးစေချင်ပါတယ်၊ ပြီးခဲ့တဲ့ ဥမ္မာဒန္တီ အငှားအိမ်ရာတုန်းက အပြင်မှာ အိမ်ရှိရဲ့နဲ့ အခန်း လာလျှောက်တယ်၊ မဲနှိုက်တာ ရသွားတယ်၊ ရသွားတဲ့ တိုက်ခန်းကို တစ်ဆင့် မငှားရဘူး ဆိုပေမယ့် လချုပ် နှစ်ချုပ်တွေနဲ့  ပြန်ငှားတာမျိုးတွေ ရှိနေတယ်”ဟု ပုသိမ်မြို့ရှိ ဥမ္မာဒန္တီ အငှားအိမ်ရာ သာယာရေး ကော်မတီဝင်တစ်ဦးက ဆိုသည်။ 

ပုသိမ်မြို့တွင် အိုးအိမ်ဦးစီးဌာနမှ တည်ဆောက်သော ဥမ္မာဒန္တီ အငှားအိမ်ရာ တွင် နေအိမ် အခက်အခဲ ရှိနေသော ဝန်ထမ်း၊ ပင်စင်စား၊ ကုမ္ပဏီဝန်ထမ်း၊ ပြင်ပ ပြည်သူများအတွက် တန်ဖိုးသင့် လူနေတိုက်ခန်းများကို ၂၀၁၆ ခုနှစ် စက်တင်ဘာလက စတင် ငှားရမ်းခဲ့ပြီး အထပ်မြင့် လူနေတိုက်ခန်း ၁၂၄ ခန်း အနက် အခန်း ၉၀ ကို ငှားရမ်းနိုင်ခဲ့ပြီး ကျန်တိုက်ခန်း ၃၄ ခန်းမှာ ဆက်လက် တည်ဆောက်နေဆဲဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး အစိုးရရုံးမှ သိရသည်။ 

R-12



FOLLOW US