News

POST TAGGED AS

အငှားယာဉ်

လှိုင်သာယာတွင် အငှားယာဉ် သုံးစီးတိုက်၊ တစ်ဦးသေ၊ ငါးဦး ဒဏ်ရာရ
ရန်ကုန်၊ မေ ၂၁ 

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းရှိ ဘုရားလမ်း မှတ်တိုင်အနီးတွင် မေလ ၂၀ ရက် ညပိုင်းက အငှားယာဉ်သုံးစီး တိုက်မိရာမှ ခရီးသည် အမျိုးသားတစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ပရိုဘောက် အငှားယာဉ်က ဘုရင့်နောင်တံတားဘက်မှ ဘီအိုစီအဝိုင်းဘက်သို့ ရန်ကုန်-ပုသိမ်ကားလမ်းအတိုင်း မောင်းနှင်လာစဉ် ဘုရားလမ်းမှတ်တိုင်အနီး FAME စက်ရုံရှေ့တွင် ရှေ့မှ လားရာတူ မောင်းနှင်နေသော ကိုရိုလာဗင် အငှားယာဉ်၏ နောက်ပိုင်းကို ဝင်တိုက်ကာ လည်ထွက်သွားပြီး နဝဒေးပတ်လမ်းသွယ်မှ ရန်ကုန်-ပုသိမ် ကားလမ်းပေါ်သို့ မောင်းလာသော ဟွန်ဒါဖစ် အငှားယာဉ်တစ်စီးကို ထပ်မံဝင်တိုက်ခဲ့သည်။ 

ယာဉ်သုံးစီး တိုက်မိမှုကြောင့် ဟွန်ဒါဖစ် အငှားယာဉ်ပေါ် ပါလာသော အသက် ၂၉ နှစ် ခရီးသည်အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားငါးဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသဖြင့် လှိုင်သာယာမြို့နယ် ဆေးရုံသို့ ပို့ဆောင်ကုသရကြောင်း၊ ယာဉ်တိုက်မှုကြောင့် ပရိုဘောက်ယာဉ်မောင်း အသက် ၂၄ နှစ် အမျိုးသားနှင့် ယာဉ်ကြောမရှင်းဘဲ လမ်းသွယ်မှ မောင်းလာသည့် ဟွန်ဒါဖစ်ယာဉ်မောင်း အသက် ၃၀ နှစ် အမျိုးသားတို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈/၂၇၉ ဖြင့် လှိုင်သာယာမြို့မရဲစခန်းက အမှုဖွင့်ထားသည်။ 

S-03



FOLLOW US