News

POST TAGGED AS

အငှားယာဉ်

စတစ်ကာကပ်သည့် အငှားယာဉ် ၉၀ ကျော်ကို လုပ်ငန်းလိုင်စင်ဖျက်သိမ်းရန် စီစဉ်
ရန်ကုန်၊ မတ် ၁၃

ရန်ကုန်မြို့အတွင်း စည်းကမ်းဖောက်ဖျက်သဖြင့် စစ်ဆေးဖမ်းဆီးခဲ့သည့် အငှားယာဉ် ၉၀ စီးကျော်ကို မော်တော်ယာဉ် ဥပဒေအရ ပုဒ်မ ၆၅ နှင့် အရေးယူပြီးသည့်အပြင် လုပ်ငန်းလိုင်စင် ဖျက်သိမ်းရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ စာရင်းရရှိထားတယ်။ ဒီစာရင်းအတိုင်း တိုင်းအစိုးရအဖွဲ့ကို အရေးယူမှုဆက်လုပ်ဖို့ တင်ပြထားတယ်။ စစ်ဆေးဖမ်းဆီးထားတဲ့ ယာဉ်တွေကို ထုတ်ပြန်ထားတဲ့အတိုင်း အရေးယူမှာပါ”ဟု ၎င်းက ဆိုသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်က ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် တက္ကစီ (အငှားယာဉ်) အားလုံး ကားမှန်များတွင် စတစ်ကာအမည်း၊ လေစုပ်ခွက်၊ ကြော်ငြာကပ်ခြင်းနှင့် လိုက်ကာများ ကာရံ၍ မောင်းနှင်ပါက လုပ်ငန်းလိုင်စင်သိမ်းသည့်အထိ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလက အငှားတက္ကစီယာဉ်များတွင် စတစ်ကာကပ်ခြင်းနှင့် လိုက်ကာကာခြင်းကြောင့် စစ်ဆေးဖမ်းမိထားသည့် အငှားတက္ကစီယာဉ် ၉၉ စီးရှိပြီး မော်တော်ယာဉ်ဥပဒေနှင့် အရေးယူထားပြီးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းကြီးကြပ်မှု ကော်မတီ၏ ထုတ်ပြန်ညွှန်ကြားချက်နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ စာရင်းပေးပို့ထားကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သတ်မှတ်ချက်တွေကို မလိုက်နာလို့ ချလန်ဖြတ် အရေးယူတာပါ။ ဒီယာဉ်တွေကို ပုဒ်မ ၆၅ အရ ဒဏ်ငွေကျပ် သုံးသောင်း ဒဏ်ရိုက်အရေးယူထားတယ်”ဟု ၎င်းက ဆိုသည်။

စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာပါက မော်တော်ယာဉ် ဥပဒေအပြင် လုပ်ငန်းလိုင်စင်သိမ်းသည့်အထိ အရေးယူမည်ဟု အသိပေးထားပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနှင့် သက်ဆိုင်သည့် အရေးယူခြင်းမျိုးကိုသာ ဆောင်ရွက်ထားကြောင်း၊ လုပ်ငန်းလိုင်စင်ဖျက်သိမ်းခြင်းကို ဆက်လက်ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနကို စာရင်းပေးပို့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ဆေးဖမ်းမိထားသည့် အငှားတက္ကစီယာဉ်များတွင် AA ၊ BB အက္ခရာယာဉ်နှင့် 1A၊ 1B စသည့် အက္ခရာတွဲယာဉ်များ ပါဝင်ပြီးရရှိထားသည့် ယာဉ်နံပါတ်စာရင်းများကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အငှားတက္ကစီယာဉ်ဆိုရင် အက္ခရာတွဲရော အကုန်ပါတယ်။ အခု စစ်ဆေးတွေ့ရှိတဲ့ ယာဉ်တွေမှာလည်း AA၊ BB ယာဉ်တွေပါတယ်။ လုပ်ငန်းစဉ်အရတော့ တိုင်းအစိုးရအဖွဲ့က ဆက်လုပ်မှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ စတစ်ကာကပ်သည့် အငှားတက္ကစီယာဉ်များကို ရန်ကုန်တိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းကြီးကြပ်မှု ကော်မတီနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆေးလျက်ရှိကြောင်း YRTA ထံမှ သိရသည်။

J-06



FOLLOW US