News

POST TAGGED AS

အငှားယာဉ်

ဟိုက်ဂျက်ယာဉ်ပေါ်မှ ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိ အဝတ်အထည်များ ခိုးယူသူ အငှားယာဉ်မောင်းကို ဖမ်းမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးအနီးရှိ လမ်းသွယ်တစ်ခုတွင် ရပ်နားထားသော ဟိုက်ဂျက်ယာဉ်တစ်စီး၏ နောက်ခန်းအတွင်းမှ တန်ဖိုးငွေ ကျပ်သိန်း ၇၀ ကျော်ရှိသော အဝတ်အထည်မျိုးစုံ ၁၁၇၀ ထည်ကို ခိုးယူသွားသည့် အငှားယာဉ်မောင်း အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ပြီး စစ်ဆေးရာမှ အခြားကျူးလွန်ထားသည့် ခိုးမှုများ ထပ်မံဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ခိုးမှုကျူးလွန်သူမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးအနောက်ရပ်ကွက်တွင် နေထိုင်သော အသက် ၃၃ နှစ် စိုးရာဇာ (ခ) မိုဟာမက် အဘတ်စ် ဖြစ်ပြီး အဝတ်အထည်များ ခိုးယူခံရသည့် ဟိုက်ဂျက်ယာဉ်အနီးတွင် ၎င်းမောင်းနှင်နေသည့် Mira အမျိုးအစား အငှားယာဉ်တစ်စီး ရပ်နားခဲ့သည်ကို CCTV မှတ်တမ်းအရ တွေ့ရှိခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက် ညပိုင်းက ၎င်းကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်ဆေးခံရသူ စိုးရာဇာ (ခ) မိုဟာ မက်အဘတ်စ်က ယင်းအဝတ်အထည်များကို ၎င်းခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီးနောက် အလံပြဘုရားအနီး ခရီးသည်အမျိုးသမီးက ၎င်း၏ယာဉ်ပေါ်သို့ ဆေးမှုန့်အထုပ်များ တင်ဆောင်နေချိန် ယာဉ်မောင်းနှင်ထွက်ပြေးခဲ့ကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းဘေးတွင် ရပ်ထားသည့် ယာဉ်တစ်စီးပေါ်မှ အထည်များကိုပါ ခိုးယူရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ခိုးမှုများ ကျူးလွန်ခဲ့သည့် အငှားယာဉ်မောင်းကို သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အမှုများဖွင့်၍ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းခဲ့ပြီးနောက် ယင်းပစ္စည်းများနှင့် စပ်လျဉ်း၍ ပိုင်ရှင်အစစ်အမှန်များက သက်ဆိုင်ရာရဲစခန်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

S-03



FOLLOW US