News

POST TAGGED AS

အငှားယာဉ်

စတစ်ကာကပ်အငှားယာဉ် ၉၀ စီးကျော်ကို ဒဏ်ရိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော စတစ်ကာကပ်အငှားယာဉ် ၉၀ ကျော်ကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ ကနဦးဒဏ်ရိုက်အရေးယူထားကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်မှ ၁၂ ရက်အထိ စတစ်ကာအမည်းများကပ်ခြင်းနှင့် လိုက်ကာကာသည့် အငှားယာဉ်များကို စစ်ဆေးဖမ်းဆီးလျက်ရှိရာ ယာဉ် ၉၀ ကျော် စစ်ဆေးဖမ်းမိထားပြီး လက်ရှိ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ ကနဦးဒဏ်ရိုက် အရေးယူထားခြင်းဖြစ်သည်။

“ဖေဖော်ဝါရီ ၁ ရက်မှ စစ်ဆေးအရေးယူမယ်လို့ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပြီးသားပါ။ သတ်မှတ်ချက်တွေကို မလိုက်နာလို့ ချလန်ဖြတ် အရေးယူတာပါ။ ဒီယာဉ်တွေကို ပုဒ်မ ၆၅ နဲ့ အရေးယူထားတယ်”ဟု အမှတ် ၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုရဲမှူးဆန်းထွန်းက ဆိုသည်။

စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာပါက မော်တော်ယာဉ်ဥပဒေအပြင် လုပ်ငန်းလိုင်စင်သိမ်းသည့်အထိ အရေးယူမည်ဟု အသိပေးထားပြီး လက်ရှိတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်သက်ဆိုင်သည့် အရေးယူခြင်းမျိုးကိုသာ ဆောင်ရွက်ထားကြောင်း ၎င်းက ပြောကြားသည်။

လုပ်ငန်းလိုင်စင်သိမ်းဖို့က တိုင်းအစိုးရအဖွဲ့က စီစဉ်တာဖြစ်လို့ အဲဒီက ဆက်လုပ်ပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်က ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့်တက္ကစီအားလုံး ကားမှန်များတွင် စတစ်ကာအမည်း၊ လေစုပ်ခွက်၊ ကြော်ငြာနှင့် လိုက်ကာများ တပ်ဆင်ကာရံ၍မောင်းနှင်ပါက လုပ်ငန်းလိုင်စင်သိမ်းသည့်အထိ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ စစ်ဆေးတွေ့ရှိထားသော စည်းကမ်းမလိုက်နာသည့် အငှားတက္ကစီယာဉ် စာရင်းကို ရရှိထားခြင်းမရှိသေးကြောင်း၊ အရေးယူခြင်းနှင့်ပတ်သက်၍ လက်ရှိယာဉ်ထိန်းရဲတပ်ဖွဲ့က လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

“လောလောဆယ် စစ်ဆေးဖမ်းဆီးတာကို ယာဉ်ထိန်းက လုပ်နေတာဖြစ်တယ်။ လက်ထဲကို စာရင်းမရောက်သေးဘူး။ ရတာနဲ့ ထုတ်ပြန်ထားတဲ့အတိုင်း အရေးယူမှာပါ”ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်မှ ၁၂ ရက်အထိ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့်ယာဉ် စီးရေ ၉၈ စီးကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ ၆၅ အရ ဒဏ်ငွေ ကျပ်သုံးသောင်းတပ်၍ အရေးယူထားပြီး လုပ်ငန်းလိုင်စင်ပိတ်မှုအဆင့်ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် YRTA အဖွဲ့တို့က ပူးပေါင်း၍ စိစစ်အရေးယူမည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

J-06



FOLLOW US