News

POST TAGGED AS

အငှားယာဉ်

ဆိုက်ကားသမား ဆီဒိုးနား

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တရားရုံးဝင်းထဲ၌ လက်ထိတ်ခတ်ထားသည့် အမျိုးသားတစ်ဦးကို လူအများက ဝိုင်းအုံကြည့်နေကြသည်။

တွဲဖက်မြို့နယ်တရားသူကြီး ရုံးခန်းတွင် ချုပ်ရမန်ယူနေသည့် အဆိုပါ အမျိုးသားမှာ လူအများ စိတ်ဝင်စားနေသည့် FDA ဝန်ထမ်း အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးထားသော အသက် ၂၇ နှစ်အရွယ် အငှားယာဉ်မောင်း မျိုးဇော်ဦးပင် ဖြစ်သည်။

မျိုးဇော်ဦးကို ၎င်းနေထိုင်သည့် မြောက်ဒဂုံ ၃၃ ရပ်ကွက်ထဲတွင်မူ “ဆိုက်ကားသမား ဆီဒိုးနား”အဖြစ်သာ လူသိများကြသည်။

မျိုးဇော်ဦး (ခ) ဆီဒိုးနားမှာ (ယခင်တိုးကြောင်ကြီးကျေးရွာ) ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ၃၃ ရပ်ကွက်အတွင်း ဆိုက်ကားနင်းခဲ့ပြီး လွန်ခဲ့သည့် ခုနစ်နှစ်ခန့်မှစတင်၍ ယာဉ်မောင်း စတင် လုပ်ကိုင်ခဲ့ကာ အငှားယာဉ်တက္ကစီယာဉ်မောင်းအလုပ်ကိုမူ ပြောင်းလဲ လုပ်ကိုင်ခဲ့သည်မှာ ခုနစ်လခန့်ရှိပြီဖြစ်ကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရသည်။

“ဒီလူအဲဒီလောက်ထိ ယုတ်မာရက်စက်လိမ့်မယ်လို့ မထင်မိဘူး။ သူကစကားပြောရင် အထစ် အထစ်နဲ့ သူ့စကားမနည်းနားထောင်ရတာ။ အိမ်ထောင်ကျတာ ခုနစ်လပဲ ရှိသေးတယ်။ ရပ်ကွက်ထဲမှာနေတုန်းကလည်း ဟော့ဟော့ရမ်းရမ်း လုပ်တာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး”ဟု မျိုးဇော်ဦး (ခ) ဆီဒိုးနား၏ အိမ်နီးချင်း အမျိုးသားတစ်ဦးက ပြောဆိုသည်။

မျိုးဇော်ဦးမှာ ယင်းရပ်ကွက်တွင် မွေးဖွားကြီး ပြင်းခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ငါးရက်က ၎င်း၏အငှားယာဉ်ပေါ် လိုက်ပါလာခဲ့သည့် အသက် ၂၅ နှစ်အရွယ် ခရီးသည် အမျိုးသမီးတစ်ဦးကိုသတ်၍ အဓမ္မပြုကျင့်ကာ သေဆုံးသူ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းတို့ကိုယူခဲ့ကြောင်း ဝန်ခံထွက်ဆိုချက်ပေးထားသည်။

၎င်းသတ်ခဲ့သည့် ခရီးသည် အမျိုးသမီးကို မြောက်ဒဂုံ၊ ငမိုးရိပ်ချောင်းကမ်းစပ် ကုလားမန်ကျည်းပင် အောက်ပိုင်းတွင် စွန့်ပစ်ခဲ့ပြီးနောက် အောက်ပိုင်း အဝတ်ဗလာဖြင့် သေဆုံးနေသည့် အမျိုးသမီးရုပ်အလောင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်း၌ ပဲပြုတ်သည်အဘွားအိုက စတင်မြင်တွေ့ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်း (ခ) ရွှေရည်ဖြစ်ကြောင်း သိရှိခဲ့ပြီး ၎င်းမှာ ဇန်နဝါရီလ ၂၀ ရက်နေ့က ပျောက်ဆုံးနေသောကြောင့် ဒဂုံမြို့မရဲစခန်းတွင် ဖခင်ဖြစ်သူက လူပျောက်တိုင်ချက်ဖွင့်ထားသူဖြစ်သည်။

“ဆီဒိုးနားရဲ့ဖအေက ပြည့်တန်ဆာကို သတ်မှုနဲ့ ထောင်ကျဖူးတယ်။ အခုတော့ ပြန်လွတ်လာပြီ။ သူ့အဘိုးဆို ဒီရွာရဲ့ လူဆိုးလူမိုက်။ အရက် ရောင်းတယ်။ ပြည့်တန်ဆာလုပ်ငန်း လုပ်တယ်။ မကောင်းတာ အကုန်လုပ်တဲ့သူ။ ဖအေက လူသတ်မှုနဲ့ ထောင်ကျသွားတော့ စောင့်ရှောက်မယ့်သူမရှိလို့ ဆီဒိုးနားကို ဘုန်းကြီးကျောင်း သွားအပ်ထားရတယ်။ လိုတဲ့အခါ ရပ်ကွက်ထဲက လူတွေက တောက်တိုမည်ရ ခေါ်ခိုင်းတာပေါ့။ ဒီကောင်က ဘာစာမှမတတ်ဘူး”ဟု ၎င်းနှင့်ရင်းနှီးသည့် အမျိုးသားတစ်ဦးက ရှင်းပြသည်။

မျိုးဇော်ဦး (ခ) ဆီဒိုးနားမှာ လူပျိုအရွယ် ဝင်လာချိန်တွင် ဆိုက်ကားနင်း၍ အသက်မွေးဝမ်းကျောင်းခဲ့ပြီး ကားသမားများနှင့် ခင်မင်ရင်းနှီးရာမှ ယာဉ်အမောင်းသင်၍ ယာဉ်မောင်းအလုပ်ကို စတင် လုပ်ကိုင်ခဲ့ကြောင်း ဒေသခံများကဆိုသည်။

“ဆိုက်ကားနင်းရာကနေ ခွေကိုင်လာရတော့ လူက မြောက်ကြွမြောက်ကြွ ဖြစ်လာရော။ ဒါပေမဲ့ သူ ကားမောင်းတာ သိပ်မကြာဘူး။ ယာဉ်တိုက်မှုဖြစ်လို့ ပိုင်ရှင်ကို ကားပြန်အပ်လိုက်ရတယ်။ နောက်ပိုင်းမှာ လူကြီးတစ်ယောက်ရဲ့အိမ်မှာ ကိုယ်ပိုင်ကား သွားမောင်းတယ်။ ပိုက်ဆံခိုးလို့ဆိုပြီး အလုပ်ထုတ်ခံရပြန်ရော။ အဲဒီနောက်ပိုင်းမှာ ဒီလူရပ်ကွက်ထဲက ပျောက်သွားတာ။ အခု ဒီအမှုဖြစ်ပြီးမှ ရပ်ကွက်ထဲ သူပြန်ရောက်နေမှန်း သိရတာ”ဟု ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

မျိုးဇော်ဦး (ခ) ဆီဒိုးနားမှာ လွန်ခဲ့သည့် ခုနစ်လက မန္တလေးမှ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့ပြီးနောက် ၎င်းဦးလေး၏အကူအညီဖြင့် မြောက်ဒဂုံ၊ ၃၃ ရပ်ကွက်၊ ပတ္တမြားလမ်းရှိ အိမ်ခန်းတစ်ခန်းတွင် ငှားရမ်းနေထိုင်ခဲ့သည်။

“မနေ့က သူ့အိမ်ဝင်စစ်တော့ နံရံမှာချိတ်ထားတဲ့ သူတို့ရဲ့မင်္ဂလာဆောင်ဓာတ်ပုံကို တွေ့ခဲ့တယ်။ ဓာတ်ပုံကြည့်တော့ ဒီကောင့်နာမည်ဘေးမှာ B.A (Myanmar) ဘွဲ့ ရေးထားတာ တွေ့မိတယ်။ အမှန်က ဒီကောင် ဘာစာမှမတတ်ဘူး။ သူ့မိန်းမကိုတော့ လတ်တလော ရဲက ခေါ်စစ်နေတယ်”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးကဆိုသည်။

အငှားယာဉ်မောင်းသူ မျိုးဇော်ဦး (ခ) ဆီဒိုးနားမှာ ပတ္တမြားလမ်းရှိ တန်းလျားတွဲ အဆောက်အအုံမှ အခန်းတစ်ခန်းတွင် ၎င်း၏ဇနီးနှင့်အတူ ငှားရမ်းနေထိုင်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းက ၎င်းအဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် ခရီးသည် အမျိုးသမီးကို ၎င်း နေအိမ်နှင့် မလှမ်းမကမ်းရှိ ငမိုးရိပ်ချောင်းကမ်းစပ်တွင် စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူအမျိုးသမီး၏ Samsung Galaxy A5 အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်း တစ်လုံးနှင့် ပလက်တီနန် ဆွဲကြိုးတစ်ကုံး၊ ခြေချင်းတစ်ခု၊ နားဆွဲသီးတစ်ရန်တို့ ပျောက်ဆုံးနေသည်ကို ကျန်ရစ်သူ မိသားစုထံမှ ရဲတပ်ဖွဲ့က သိရှိခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် စာရင်းများကို လာရောက်ရောင်းချခြင်း၊ ပြုပြင်ခြင်း တွေ့ရှိပါက သတင်းပေးပို့ရန် ရဲတပ်ဖွဲ့က ဆိုင်များသို့ ဖြန့်ဝေအသိပေးခဲ့သည်။

ယင်းနောက် ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာရှိ ဖုန်းပြုပြင်ရေးဆိုင်တစ်ဆိုင်၌ ဆမ်ဆောင်း အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်း တစ်လုံးကို အမျိုးသားတစ်ဦးက လာရောက်ပြုပြင်နေကြောင်း သတင်းရရှိခဲ့ခြင်းဖြစ်သည်။

“အမျိုးသားတစ်ယောက်က ဖုန်းဆော့ဖ်ဝဲ အသစ်တင်ပေးဖို့ ဆိုင်ကိုရောက်နေတယ်လို့ သတင်းရခဲ့တယ်။ အဲဒါနဲ့ သွားစစ်တော့ ဒဂုံမြောက် လူသတ်မှုက ပျောက်ဆုံးနေတဲ့ ဖုန်းဖြစ်နေတယ်”ဟု ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

ယုဇနပလာဇာတွင် ဖမ်းမိသည့် မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၈ နာရီဝန်းကျင်က လှည်းတန်းစင်တာအနီး အင်းစိန်လမ်းပေါ်မှ အမျိုးသမီးတစ်ဦးကို ယာဉ်ငှားခ ကျပ် ၂၅၀၀ ဖြင့် ဒဂုံမြို့နယ်၊ မင်းမနိုင်ရပ်ကွက်သို့ ၎င်း၏ အငှားယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

မင်းမနိုင်ရပ်ကွက်ရှိ ခရီးသည် အမျိုးသမီး၏ နေအိမ်နားအရောက် အမျိုးသမီးက ယာဉ်ငှားစီးခ ကျပ် ၂၅၀၀ ကိုထုတ်ပေးစဉ် ကားအတွင်း အဲကွန်းဖွင့်ပေးရသဖြင့် နောက်ထပ် ကျပ်တစ်ထောင် ထပ်ပေးရန် ၎င်းကတောင်းဆိုရာမှ နှစ်ဦးစကားများရန်ဖြစ်ခဲ့ပြီး မျိုးဇော်ဦးက ခရီးသည်အမျိုးသမီး၏ လည်ပင်းကိုညှစ်၍ ဝက်အူလှည့်ဖြင့် ထိုးခဲ့သည်။

ထို့နောက် အငှားယာဉ်မောင်းက ဒဂုံမြောက် မြို့နယ်၊ (၃၃) ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်းရှိ ဖူဆယ်ဘောလုံးကွင်းအနီးသို့ ယာဉ်ကိုမောင်းနှင်လာခဲ့ပြီး လမ်းဘေးအမှောင်ရိပ်တွင် ယာဉ်ရပ်ကာ သတိမေ့နေသည့် ခရီးသည်အမျိုးသမီးကို အဓမ္မပြုကျင့်ပြီး လက်ဝတ်ရတနာများနှင့် ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်းတို့ ယူဆောင်ကာ သေဆုံးသွားသည့် အမျိုးသမီးကို ငမိုးရိပ်ချောင်းကမ်းစပ် ကုလားမန်ကျည်းပင်အောက်တွင် ပစ်ထားခဲ့သည်။

အလောင်းတွေ့ရှိသည့်အတွက် စစ်ဆေးရေးအဖွဲ့နှင့်အတူ လိုက်ပါစစ်ဆေးကြည့်ရာ ဓမ္မတာအတိုင်းရော၊ ဓမ္မတာမဟုတ်သည့်ပုံစံဖြင့်ပါ အဓမ္မပြုကျင့်ခံထားရသည်ကို တွေ့ရှိရကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“ဒီကောင် ဒီလောက်အထိ ယုတ်မာရက်စက်လိမ့်မယ်တောင် မထင်မိဘူး။ ငွေကြေး အခက်အခဲရှိလို့ ဓားထောက်ခြိမ်းခြောက်ပြီး ရွှေငွေတွေ လုတယ်ဆိုရင်တောင် ကြားကောင်းသေးတယ်။ အခုဟာက အတော် လူမဆန်တာဗျာ”ဟု ၎င်းကဆိုသည်။

အဆိုပါ ခရီးသည် အမျိုးသမီး အသတ်ခံရမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်သံများထွက် ပေါ်ခဲ့ပြီး ရန်ကုန်မြို့ရှိ ယာဉ်အမျိုးအစားမျိုးစုံဖြင့် ပြေးဆွဲနေသော အငှားယာဉ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်စိစစ်ကြပ်မတ် ဆောင် ရွက်သင့်ပြီဖြစ်ကြောင်း စာများကို ၎င်းတို့၏လူမှု ကွန်ရက်စာမျက်နှာပေါ် ရေးသားလာကြသည်။

“အခုဆို လူအတော်များများက Grab တို့၊ ဘာတို့ပဲ ငှားစီးတော့မယ် ပြောနေကြပြီ။ ကျွန်မ ယောကျာ်းဆို ဒီနေ့ကားဆွဲတာ ငှားစီးမယ့်လူ အခုထိ မရသေးဘူးတဲ့။ Grab မှာ အသင်းဝင်ချင်ပေမယ့် လည်း ယောကျာ်းမှာက လိုင်စင်အနက်ပဲရှိတာ” ဟု ပတ္တမြားလမ်းတွင် နေထိုင်သည့် အငှားယာဉ်မောင်း တစ်ဦး၏ ဇနီးဖြစ်သူက ပြောသည်။

ရန်ကုန်မြို့အတွင်း အငှားယာဉ်ငှားစီးသည့် ခရီးသည်အချို့မှာ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုနှင့် ခိုးမှုများ ရင်ဆိုင်ကြုံတွေ့နေရပြီး ယခု FDA ဝန်ထမ်း အမျိုးသမီး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်မှာ အလုပ်သွား အလုပ်ပြန် အကြောင်းအမျိုးမျိုးဖြင့် လမ်းပေါ် သွားလာနေရသည့် လူထုအတွက် ပို၍ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်စေခဲ့သည်။

“ဒီလို လူမဆန်တဲ့လုပ်ရပ်မျိုး ကျူးလွန်သူကို သေဒဏ်ပေးသင့်တယ်။ တရားရုံးတွေက သေဒဏ် အမိန့်ချတဲ့ အမှုတွေလည်း အခုရှိနေတယ် ဆိုပေမယ့် စာရွက်ထဲမှာပဲ ရှိနေသလို ခံစားမိတယ်။ အမှန်ဆို လူထု ဆင်ခြင်တုံတရား ရလာအောင် ကြိုးမိန့်ပေးသတ်ပစ်တာမျိုး လုပ်ပစ်စေချင်တယ်။ ဒါမှ ငါ ဒါလုပ်မိရင် ဘယ်လိုပြစ်ဒဏ် ငါပြန်ခံရမယ် ဆိုတာသိပြီး ဆင်ခြင် သတိပြုလာနိုင်ကြမှာ”ဟု မျိုးဇော်ဦး၏ ရုံးထုတ်ချုပ် ရမန်ယူနေစဉ် လာရောက်ကြည့်ရှုသည့် အမျိုးသမီးတစ်ဦးကဆိုသည်။

လူသတ်မှု ပုဒ်မ ၃၀၂၊ လုယက်မှု ပုဒ်မ ၃၉၂၊ မုဒိမ်းမှု ပုဒ်မ ၃၇၆၊ ဓမ္မတာနှင့် ဆန့်ကျင်သော ပြစ်မှုပုဒ်မ ၃၇၇ တို့ဖြင့် ဒဂုံမြောက်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည့် မျိုးဇော်ဦးကို ယင်းမြို့နယ် တရားရုံးက ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ချုပ်ရမန် ပေးခဲ့ပြီး လက်ရှိ ၎င်း၏ခန္ဓာကိုယ်ပေါ်မှ သေဆုံးသူ အမျိုးသမီးက ကုတ်ခြစ်ခဲ့သည်ဟုဆိုသည့်ဒဏ်ရာများကို DNA စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကားခ တစ်ထောင်ကျပ် ပိုမပေးလို့ လူသတ် မုဒိမ်းကျင့်တယ် ဆိုတာတော့ဗျာ အဓိပ္ပာယ်မရှိသလို ခံစားရတယ်။ ဒီဖြစ်စဉ်ကို ကျူးလွန်မယ်ဆို အနည်းဆုံး နှစ်ယောက်ထက် မနည်းဘူးဗျ။ ဒဏ်ရာ အနေအထားအရ သုံးသပ်မိတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်လေ အခုအမှုက သေဒဏ် ထိုက်စေသင့်တယ်။ မုဒိမ်းမှုက ထောင်အနှစ် ၂၀၊ ဓမ္မတာဆန့်ကျင် ကာမဆက်ဆံမှုက ထောင် အနှစ် ၂၀၊ ၃၀၂ ပုဒ်မခွဲ (၁) အပိုဒ် (ခ)အရဆို ဒီအမှုမျိုးက သေဒဏ်ထိုက်တယ်၊ ဒါကြောင့် အထူးခုံရုံးဖွဲ့ပြီး စစ်သင့်တယ်။ သေဒဏ်ထိုက်တယ်ဆို ပြတ်ပြတ်သားသား လုပ်သင့်ပြီ။ အခုဟာက စာထဲမှာပဲ သေဒဏ်လို ဖြစ်နေတာလေ။ အကျဉ်းထောင်ဆိုတာ ငွေရှိရင် ချောင်းသာကမ်းခြေထွက် အပန်းဖြေနေသလိုပဲ”ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က မှတ်ချက်ပြုသည်။ 

ခိုင်စိုးလင်း




FOLLOW US