News

POST TAGGED AS

အငှားယာဉ်မောင်း

ချောင်းသာသို့ ခရီးသည်လိုက်ပို့သည့် အငှားယာဉ်မောင်း အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူများကို ဖမ်းမိ
ရန်ကုန်၊ ဇွန်၂၈

ဧရာဝတီတိုင်း ဆူးပဒေါင်းကွင်းကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းတွင် ချောင်းသာသို့ ခရီးသည်လိုက်ပို့သည့် အငှားယာဉ်မောင်းအမျိုးသားကို သတ်ဖြတ်၍ လမ်းဘေးအလောင်းစွန့်ပစ်ခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အသတ်ခံရသည့် အငှားယာဉ်မောင်း ကိုအေးမင်းဦးမှာ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ယခုနှစ် မတ်လ ၁၇ ရက် ညပိုင်းက လူငယ်သုံးဦးက ၎င်း၏အငှားယာဉ်ကို ငှားရမ်း၍ ချောင်းသာသို့ ပို့ဆောင်ခိုင်းခဲ့ကြောင်း သိရှိခဲ့ပြီးနောက် ယင်းလူငယ်များကို စုံစမ်းခဲ့ရာ အင်းစိန်မြို့နယ်၊ မြို့သစ် (ဂ) ရပ်ကွက်တွင် နေထိုင်သော အသက် ၂၃ နှစ် ထွန်းဇော်မျိုး (ခ) ထက်အောင်ဆိုသူကို ဇွန်လ ၂၄ ရက်နေ့က ၎င်း၏နေအိမ်တွင် ဖမ်းမိခဲ့သည်။ 

“သေဆုံးသူရဲ့ ကားကို ငှားခဲ့တဲ့လူငယ်အဖွဲ့ကို စုံစမ်းရာက တစ်ယောက်ကို အင်းစိန်မှာဖမ်းမိခဲ့တယ်။ သူနေတဲ့အိမ်ထဲကနေ သေဆုံးသူအငှားယာဉ်မောင်းကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းတစ်လုံးပါ သက်သေပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့တယ်။ သူ့ကို ဆက်လက်စစ်ဆေးရာက ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့သူတွေကို ရွှေပြည်သာနဲ့ မရမ်းကုန်းမြို့နယ်တွေမှာ ထပ်မံဖမ်းဆီးရမိခဲ့တာပါ”ဟု ရဲအရာရှိက ပြောသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်သော အသက် ၃၈ နှစ် အောင်အောင် (ခ) တင်မိုးအောင်ကို ရွှေပြည်သာမြို့နယ်တွင်လည်းကောင်း၊ အသက် ၃၆ နှစ် ဆံရှည်(ခ) ဝင်းကျော်သူကို မရမ်းကုန်းမြို့နယ်ရှိ ၎င်းတို့၏ နေအိမ်များတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ မှန်ကြီး (ခ) အောင်ကျော်ဟိန်းဆိုသူမှာ လွတ်မြောက်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ပြစ်မှုကျူးလွန်သူများမှာ အငှားယာဉ်ကို လုယူရန် တိုင်ပင်ပြီးနောက် မတ်လ ၁၇ ရက် ညပိုင်းက သေဆုံးသူ ယာဉ်မောင်း၏ အငှားယာဉ်ကိုငှားရမ်း၍ ချောင်းသာသို့ လိုက်ပို့ခိုင်းစဉ် ရန်ကုန်-ပုသိမ်ကားလမ်းရှိ ဆူးပဒေါင်းကွင်းကျေးရွာအနီးအရောက် အပေါ့သွားလိုကြောင်း ယာဉ်မောင်းကို ပြောဆိုကာ ယာဉ်ကို ရပ်နားခိုင်းပြီးနောက် ထွန်းဇော်မျိုး (ခ) ထက်အောင်က ယာဉ်မောင်းကို ဓားဖြင့်ထောက်၍ အောင်အောင်(ခ) တင်မိုးအောင်က ဂစ်တာကြိုးဖြင့် ယာဉ်မောင်း၏လည်ပင်းကို ဆွဲညစ်ကာ ဓားဖြင့်လှီးဖြတ်ခဲ့ကြောင်း၊ ယင်းနောက် ယာဉ်မောင်း၏ လက်ကိုင်ဖုန်းကိုယူ၍ အလောင်းကို လမ်းဘေးချောက်ထဲသို့တွန်းချခဲ့ပြီး အငှားယာဉ်ကို လုယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

လုယူလာသည့် အငှားယာဉ်ကို လှိုင်သာယာမြို့နယ်သို့ ပြန်လည်မောင်းနှင်လာခဲ့ပြီး ဆံရှည် (ခ) ဝင်းကျော်ထံသို့ အငှားယာဉ်ကိုရောင်းချ၍ ရရှိသည့်ဝေစုများကို ခွဲဝေယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံအငှားယာဉ်ကို ရှမ်းပြည် (တောင်ပိုင်း) တောင်ကြီးမြို့မှပြန်လည်သိမ်းဆည်းကာ ဖမ်းဆီးရမိသူသုံးဦးကို သက်ဆိုင်ရာရဲစခန်းသို့ ပြန်လည် လွှဲပြောင်းပေးအပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03



FOLLOW US