News

POST TAGGED AS

အင်းဒင်

အင်းဒင်ကျေးရွာသစ်တွင် အိမ်များ စဆောက်
စစ်တွေ၊ မတ် ၁၇ 

မောင်တောမြို့နယ် အင်းဒင်ကျေးရွာသစ်သို့ ရွှေ့ပြောင်း အခြေချနေထိုင်လာသူများကို မတ်လ ၁၆ ရက်မှစတင်ကာ အိမ်များ ဆောက်လုပ်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ပြောသည်။

အဆိုပါ ကျေးရွာတွင် အိမ်ထောင်စု ၆၉ စု ၊ လူဦးရေ ၂၅၆ ဦးရှိပြီး အိမ်ခြေ ၁၀၀ တည်ဆောက်မည်ဖြစ်ကြောင်း၊ အိမ်များကို အလျား ၂၈ ပေ၊ အနံ ၁၆ ပေမှ ၁၈ ပေခန့်ရှိပြီး အောက်ခြေ ကွန်ကရစ်ဖောင်ဒေးရှင်း၊ ကျောက်ပြားနံရံကာ၊ သွပ်မိုးဖြင့် တည်ဆောက်ပေးမည်ဖြစ်ကြောင်း တည်ဆောက်နေသော မင်းကြိုက်ကုမ္ပဏီထံမှ သိရသည်။

ကျေးရွာသစ်တွင် အခြေချနေထိုင်ရန် သံတွဲ၊ ကျောက်ဖြူ၊ ကျောက်တော် ၊ ရသေ့တောင်နှင့် မြေပုံမြို့နယ်များမှ ပြောင်းရွှေ့လာကြကြောင်း လတ်တလောတွင် ရွှေ့ပြောင်းသူများမှာ ယာယီမိုးကာတဲများဖြင့် နေထိုင်နေပြီး အလုပ်အကိုင်မရှိကြကြောင်း ရွှေ့ပြောင်းလာသူ ဦးစိုးသိန်းထွန်းက ပြောသည်။

အိမ်များဆောက်လုပ်ရာတွင် ရွှေ့ပြောင်းလာသူများကို တစ်ရက်လုပ်အားခ အမျိုးသားတစ်ဦးလျှင် ကျပ်တစ်သောင်း၊ အမျိုးသမီးတစ်ဦးလျှင် ကျပ်ခုနစ်ထောင်နှုန်းဖြင့် အိမ်ဆောက်သည့်လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြောင်း အင်းဒင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ပြောသည်။

အင်းဒင်ကျေးရွာသစ်သည် အင်းဒင်ကျေးရွာ (ဟောင်း) ၏ တောင်ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ 
 
R-22



FOLLOW US