News

POST TAGGED AS

အင်းဒင်

ကျေးရွာများ၏ လိုအပ်ချက်တင်ပြမှုများ အားနည်း
ဘားအံ၊ မတ် ၅

ဘားအံရှိ ကျေးရွာများအနေနှင့် မိမိတို့ကျေးရွာ၏ လိုအပ်ချက်များ တင်ပြရာတွင် အားနည်းချက်များရှိနေကြောင်း ဘားအံမြို့နယ်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) အကောင်အထည်ဖော်နေသူများက ပြောကြားသည်။

မတ်လ ၅ ရက်နေ့က ဘားအံမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် VDP အကောင်အထည်ဖော်ရေး လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲတွင် ၎င်းတို့က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“VDP စီမံကိန်းအနေနဲ့ ဘားအံမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျေးလက်ဖွံ့ဖြိုးရေးက တာဝန်ရှိသူတွေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ၄၅ ရွာ ရွေးချယ်ခဲ့ပါတယ်၊ အဲဒီမှာတချို့ရွာတွေက အမှန်တကယ် လိုအပ်သော်လည်းပဲ လိုအပ်ချက်တင်ပြတတ်မှုမရှိတာကို တွေ့ရတယ်၊ ဒါလေးတွေသွားတွေ့ရတယ်၊ အဲဒီတော့ ကျွန်တော်တို့က တိုင်ပင်ပြီးပေးသင့်တဲ့ရွာတွေကို ရွေးချယ်ခဲ့ရတာပေါ့နော်”ဟု ဘားအံမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းက ပြောကြားသည်။

ကျေးရွာများ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သီးခြား VDP ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် လုပ်ဆောင်နေသော လုပ်ငန်းများရှိသကဲသို့ အချို့သောလုပ်ငန်းများတွင် VDP ရန်ပုံငွေအပြင် လွှတ်တော်ကိုယ်စားလှယ်မှ ချပေးသည့် ကျေးလက်ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၅၀ ဖြင့် ပေါင်း၍ လုပ်ဆောင်သော လုပ်ငန်းများလည်းရှိသဖြင့် စာရင်းဇယားများလည်းတိကျစွာ မှတ်တမ်းတင်ထားဖို့ လိုအပ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကျေးရွာ ၄၅ ရွာမှ စီမံကိန်းကော်မတီဝင်များ၊ ဘားအံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

VDP ကို ၂၀၁၆ - ၁၇ ခုနှစ်တွင် စတင်ခဲ့ပြီး အိမ်ခြေ ၁၅၀ ရှိ ကျေးရွာတစ်ရွာလျှင် သိန်း ၁၀၀ ပေးအပ်၍ ယင်းငွေဖြင့် ရွာ၏လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကော်မတီဖွဲ့ကာ ရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း ကျေးရွာအသစ်များကို VDP စီမံကိန်းရန်ပုံငွေများကို ထပ်မံချပေးသွားမည်ဖြစ်ပြီး ယခင်နှစ်ကချပေးသည့် ကျေးရွာများအနေနှင့် ရွာ၏လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အဓိကသုံးစွဲသွားသည်ကိုတွေ့ရကြောင်း ဘားအံမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

R-17



FOLLOW US