News

POST TAGGED AS

အင်ဒိုနီးရှား

အင်ဒိုနီးရှားတွင် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်၊ လူ ၁၀ ဦးသေဆုံးပြီး အဆောက်အအုံများပျက်စီး


ဆမ်ဘာလွန်၊ ဇူလိုင် ၂၉

အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစားသွားရောက်လေ့ရှိသည့် လွမ်ဘွတ်၌ ပြင်းအား ၆ ဒသမ ၄ ရှိသည့် မြေငလျင်ကြီးတစ်ခု လှုပ်ခတ်သွားရာ အနည်းဆုံးလူ ၁၀ ဦးသေဆုံးပြီး အဆောက်အအုံများစွာ ပြိုကျပျက်စီးသွားသည်ဟု အာဏာပိုင်များကပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါမြေငလျင်သည် တနင်္ဂနွေနေ့ နံနက်အစောပိုင်း လူအများစု အိပ်ပျော်နေသည့်အချိန်တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ငလျင်ကြောင့် ဒဏ်ရာရသူ ၄၀ ကျော်ခန့်ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ 

လူအတော်များများမှာ အဆောက်အအုံများနှင့်ဝေးရာသို့ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြသည်။ 

“ကျွန်တော်လမ်းလျှောက်ကြည့်နေတယ်၊ ဆိုးဆိုးဝါးဝါးပျက်စီးတာတော့ ခုထိမတွေ့ရသေးဘူး။ ငလျင်လှုပ်တဲ့အချိန်တုန်းက ရေကူးကန်ထဲကရေတွေဟာ လှိုင်းကြမ်းတဲ့ ပင်လယ်ပြင်လိုဖြစ်နေတာ။ စက္ကန့် ၂၀ ကနေ ၃၀ လောက်ကြာတယ်” ဟု ငလျင်လှုပ်ခတ်စဉ် လွမ်ဘွတ်ရှိ ဇိမ်ခံ ဟိုတယ်တစ်ခု၌ တည်းခိုနေသူ ဂျိန်းပေါလ်ဆိုသူက ပြောကြားသည်။ 

“ရွာထဲမှာနေတဲ့သူတွေတော့ အပျက်အစီးတွေ၊ ထိခိုက်မှုတွေနဲ့ကြုံတွေ့ရမယ်ထင်တယ်”ဟု ၎င်းက ဆက်လက်ပြော ကြားသည်။ 

မြေငလျင်သည် ဘွမ်ဘွတ်ကျွန်း၏ မြောက်ဘက် မာတာရမ်စတီတီနှင့် ၃၁ မိုင်ခန့်ဝေးကွာသောနေရာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်သည်ဟု အမေရိကန် ဘူမိဗေဒသုတေသန (USGS) အဖွဲ့က ထုတ်ပြန်သည်။ 

ငလျင်ကြောင့် သေဆုံးသွားသူများထဲတွင် လွမ်ဘွတ်ကျွန်းသို့ ခြေလျင်တောင် တက်ခရီးထွက်ရန် ရောက်ရှိလာသော မလေးရှားတိုးရစ်တစ်ဦးလည်းပါဝင်သည်ဟု လွမ်ဘွတ်ရဲတပ်ဖွဲ့က ဆိုသည်။ 

အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် ဆိုင်ရာဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ပြိုကျပျက်စီးနေသော အဆောက်အအုံများ ပါဝင်သည့် ဓာတ်ပုံများကို Twitter စာမျက်နှာတွင် ဖော်ပြသည်။ 

“လူတွေအားလုံး လမ်းမပေါ်မှာ စုရုံးနေကြတယ်၊ ပြိုကျနေတဲ့ အဆောက်အအုံတွေကနေ လွတ်အောင်ပြေးလာကြတာ။ လောလောဆယ်မှာ ဘာကိုအလေး ထားလုပ်နေသလဲဆိုရင် ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်ရေးပါပဲ၊ ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကိုတော့ ဆေးခန်းတွေမှာ ကုသပေးနေတယ်” ဟု ၎င်းကပြောကြားသည်။ 

ပြင်းအား ၆ ဒသမ ၄ ရှိသည့် ငလျင်ကြီးလှုပ်ခတ်သွားပြီးနောက် နောက်ဆက်တွဲငလျင်ငယ် ၆၆ ခုခန့်လှုပ်ရှားခဲ့ကြောင်း၊ အင်အားအပြင်းဆုံး နောက်ဆက်တွဲငလျင်မှာ ၅ ဒသမ ၇ ရှိကြောင်း အဆိုပါ ဌာနက သတင်းထုတ်ပြန်သည်။

F-01



FOLLOW US