News

POST TAGGED AS

အင်ဒိုနီးရှား

အင်ဒိုနီးရှား ဖယ်ရီရေယာဉ်တိမ်းမှောက်မှု ခရီးသည် ၂၀၀ နီးပါးသေဆုံးဟု ခန့်မှန်း


ဂျကာတာ၊ ဇွန် ၂၁

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းရှိ တိုဘာရေကန်တွင် တနင်္လာနေ့က ဖြစ်ပွားခဲ့သော ဖယ်ရီရေယာဉ်တိမ်းမှောက်မှုကြောင့် လူပေါင်း ၂၀၀ နီးပါးခန့် သေဆုံးသွားသည်ဟု ယူဆရကြောင်း အာဏာပိုင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ကိုးကားဖော်ပြသည်။ 

ယင်းဖယ်ရီရေယာဉ်မှောက်ခါစက လူအနည်းငယ်သာသေဆုံးခဲ့ပြီး ၁၉၀ ကျော် ပျောက်ဆုံးလျက်ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ၄၈ နာရီကျော် ကြာမြင့်လာပြီးနောက် ပျောက်ဆုံးသူများ သေဆုံးသွားပြီဟု ပြောင်းလဲယူဆလာခဲ့ကြသည်။ 

ဖယ်ရီရေယာဉ် တိမ်းမှောက်ခဲ့သည့် တိုဘာရေကန်သည် ကမ္ဘာ့အကြီးဆုံး မီးတောင်ရေကန်တစ်ခုဖြစ်ပြီး မွတ်ဆလင် ဥပုသ်လအပြီး အစ်ကာလရုံးပိတ်ရက်၌ ခရီးသွားများဖြင့် ပြည့်နှက်နေခဲ့သည်။ တနင်္လာနေ့က ရာသီဥတုမှာ အတော်ဆိုးရွားခဲ့ခြင်းကြောင့် ယင်းဖယ်ရီရေယာဉ် တိမ်းမှောက်သွားခြင်းဖြစ်သည်။ 

တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူအများစုမှာ ယင်းရေယာဉ်အတွင်း၌ပင် ပိတ်မိနေကြခြင်းဖြစ်နိုင်သည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောကြားသည်။ 

ကယ်ဆယ်ရေးနှင့် ရှာဖွေရေးအဖွဲ့၏ အဆိုအရ ဖယ်ရီရေယာဉ်တိမ်းမှောက်မှုတွင် အသက်ရှင်လျက်ကျန်ရစ်သူ ၁၈ ဦးကို တိမ်းမှောက်ပြီးနောက် နာရီပိုင်းအကြာတွင် ရှာဖွေကယ်ဆယ်နိုင်ခဲ့သည်။ ထို့အတူ ရုပ်အလောင်းသုံးခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။ 

အဆိုပါ ဖယ်ရီရေယာဉ်ပြေးဆွဲရေးလုပ်ငန်းက ရေယာဉ်စီးလက်မှတ်ထုတ်ပေးခြင်း မရှိခဲ့သောကြောင့် ရေယာဉ်ပေါ်တွင် ခရီးသည်မည်၍မည်မျှလိုက်ပါသွားသည်ကို အတိအကျမခန့်မှန်းနိုင်ဖြစ်လျက်ရှိသည်။ 

ဗုဒ္ဓဟူးနေ့တွင်မူ ရေငုပ်သမားများ၊ ရေအောက်မောင်းဒရုန်းများဖြင့် ရှာဖွေရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ကိုင်ခဲ့ကြသည်ဟု အာဏာပိုင်များက ပြောကြားသည်။ သို့သော် ပေ ၁၅၀၀ ခန့်နက်သည့် နေရာသို့ ရှာဖွေမှုများမပြုလုပ်နိုင်သေးကြောင်း၊ နစ်မြုပ်ပျောက်ဆုံးသွားသော ရေယာဉ်မှာ သစ်သားဖြင့်ဆောက်လုပ်ထားကြောင်း ၎င်းတို့က ဆိုသည်။ 

“ဒါဟာ ကျွန်တော်တို့မိသားစုကို ဘုရားသခင်ရဲ့စမ်းသပ်မှုတစ်ခုပါပဲ”ဟု အစ်ကိုဖြစ်သူ ပျောက်ဆုံးနေသောကြောင့် ပူ့ဆွေးသောကရောက်နေရသူ ဖာဂျာအယ်မာယာက ပြောကြားသည်။ “ဖယ်ရီတိမ်းမှောက်တဲ့အချိန်မှာ သူကအထဲမှာ ရှိနေခဲ့တာ၊ အပြင်ဘက်ကို မထွက်နိုင်ခဲ့ဘူး။ ဖယ်ရီက ချက်ချင်းမှောက်ပြီး နစ်မြုပ်သွားတာ။ သူ့ရဲ့သူငယ်ချင်းကတော့ အပြင်ဘက်ကိုခုန်ထွက်ပြီး တခြားဖယ်ရီကို အော်ဟစ်အကူအညီတောင်းနိုင်ခဲ့တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ယခုအခါ ကယ်ဆယ်ရေးအဖွဲ့က သတင်းပြန်ကြားရေး စင်တာတစ်ခုကို ထူထောင်လိုက်ပြီး အသက်ရှင်ကျန်ရစ်သူများနှင့် ပျောက်ဆုံးနေသူများစာရင်းပြု လုပ်လျက်ရှိသည်။ ယင်းစင်တာတွင် ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များ စုဝေးလျက်ရှိသည်။ 

အင်ဒိုနီးရှားနိုင်ငံ၏ တရားဝင်စည်းမျဉ်းစည်းကမ်းအရ ရေယာဉ်နှင့် မော်တော်ဘုတ်များအနေနှင့် သတ်မှတ်အလေးချိန်ထက် ပို၍တင်ဆောင်ခွင့်မရှိသလို ရေယာဉ်ပေါ်တွင်လိုက်ပါမည့် ခရီးသည်တစ်ဦးချင်းစီအတွက် သက်ကယ်အင်္ကျီ ပါရှိရမည်ဖြစ်သည်။ 

သယ်ယူပို့ဆောင်ရေးကဏ္ဍ အန္တရာယ်ကင်းစင်ရေးဆိုင်ရာ အမျိုးသားကော်မတီက အင်ဒိုနီးရှားတွင်ဖြစ်ပွားသော ရေယာဉ်နှင့် မော်တော်ဘုတ်မတော်တဆမှုများ၏ ၄၀ ရာခိုင်နှုန်းသည် လူသားများ၏ မှားယွင်းချက်ကြောင့်ဖြစ်ကြောင်း၊ ၁၂ ရာခိုင်နှုန်းမှာ ဆိုးရွားသည့် ရာသီဥတုကြောင့်ဖြစ်ကြောင်း ပြောကြားသည်။  

F-01
 



FOLLOW US