News

POST TAGGED AS

အင်ဒိုနီးရှား

အင်ဒိုနီးရှားရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းသုံးခု ဗုံးခွဲတိုက်ခိုက်ခံရ


ဂျကာတာ၊ မေ ၁၃

အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဆူရာဘရာရှိခရစ်ယာန် ဘုရားရှိခိုးကျောင်းသုံးခုတွင် အသေခံဗုံးခွဲမှုအပါအဝင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။

တနင်္ဂနွေနေ့ (ခရစ်ယာန်ဘာသာဝင်များ ဝတ်ပြုဆုတောင်းသည့်နေ့) က ဆူရာဘရာမြို့ရှိဘုရှားရှိခိုးကျောင်းသုံးခုတွင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု အရှေ့ဂျာဗားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ 

ရဲတပ်ဖွဲ့အဆိုအရ ပေါက်ကွဲသုံးခုမှာ တစ်ခုနှင့်တစ်ခု ၁၀ မိနစ်စီခြား၍ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံးပေါက်ကွဲမှုမှာ နံနက် ၇ နာရီခွဲအချိန်တွင်ဖြစ်သည်။ 

အဆိုပါဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ၁၃ ဦးခန့်ဒဏ်ရာရရှိသွားသည်ဟု အာဏာပိုင်များကပြောကြားသည်။ ရဲတပ်ဖွဲ့က ဘုရားရှိခိုးကျောင်းသုံးခုအနက် Santa Maria ကက်သလစ် ဘုရားရှိခိုးကျောင်း ပေါက်ကွဲမှုနှင့်ပတ်သက်၍သာ အသေးစိတ်ထုတ်ပြန်သည်။ 

ဘုရားကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ မည်သည့်အကြမ်းဖက်အုပ်စုကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာမှုမပြုသေးပေ။ 

“အခင်းဖြစ်ပွားတဲ့နေရာမှာတင်ပဲ တစ်ယောက်သေတယ်၊ ဆေးရုံမှာ တစ်ယောက်သေတယ်၊ ရဲအရာရှိနှစ်ယောက် ဒဏ်ရာရတယ်၊ အရပ်သားတချို့ဒဏ်ရာရသွားတယ်”ဟု အရှေ့ဂျာဗားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ 

“လောလောဆယ် ဆေးရုံမှာလူ ၁၃ ဦးဒဏ်ရာကုသမှုခံယူနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ရုပ်သံသတင်းထုတ်လွှင့်မှုများတွင် ဘုရားရှိခိုးကျောင်းတစ်ခု အဝင်ဝမုခ်ဦး၌ ပေါက်ကွဲမှုကြောင့်ဖြစ်သည့် အပျက်အစီးများနှင့် စုဝေးကြည့်ရှုနေသည့် လူအုပ်ကြီးကို တွေ့မြင်ရသည်။ 

လက်ရှိအနေအထားတွင် အင်ဒိုနီးရှားအာဏာပိုင်များက ပေါက်ကွဲမှုများနှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးလျက်ရှိသည်။ 

Reuters သတင်းဌာန၏ ဖော်ပြမှုတွင်မူ ပေါက်ကွဲမှုသုံးခုစလုံးသည် အသေခံဗုံးခွဲသမားများကြောင့်ဖြစ်သည်ဟု သိရသည်။

F-01



FOLLOW US