News

POST TAGGED AS

အင်တာနက်

ကျူးဘားပြည်သူများ မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက်သုံးနိုင်ရန် ကွန်မြူနစ်အစိုးရ စတင်စီစဉ်


ဟာဗားနား၊ ဇူလိုင် ၁၇

ကွန်မြူနစ်စနစ် ကျင့်သုံးသော ကျူးဘားနိုင်ငံ အစိုးရကမိုဘိုင်းလ်ဖုန်းများတွင် အင်တာနက်ဝန်ဆောင်မှုများစတင်ပေးရန် စီစဉ်ဆောင်ရွက်နေပြီး ယခုနှစ်ကုန်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုဘိုင်းလ်ဖုန်းအင်တာနက်ရရှိရန် ရည်မှန်းထားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

လက်ရှိအနေအထားတွင် ကန့်သတ်ရွေးချယ်ထားသော မိုဘိုင်းလ်ဖုန်း User များအတွက် အင်တာနက်ဝန်ဆောင်မှု စတင်စမ်းသပ်ပေးလျက်ရှိသည်။ မိုဘိုင်းလ်ဖုန်းဒေတာ(အင်တာနက်ဝန်ဆောင်မှု) ပထမဆုံးရရှိမည့်သူများတွင် နိုင်ငံပိုင်သတင်းဌာနများနှင့် မီဒီယာများမှ ဂျာနယ်လစ်များပါရှိသည်။ 

အင်တာနက်ဝန်ဆောင်မှုကိုမူ ကျူးဘားတယ်လီကွန်က စီစဉ်ပေးခြင်းဖြစ်သည်။ ကျူးဘားသမ္မတသစ် မီဂူးဒိုင်း ယက်ဇ်ကန်နယ်က ယခုလို မိုဘိုင်းလ်ဖုန်း အင်တာနက်ဝန်ဆောင်မှုပေးသည့် အစီအစဉ်ဖြင့် တိုင်းပြည်စီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်ကာ ပြည်သူများ၏ တော်လှန်ရေးကိုလည်း ကာကွယ်ပေးရာရောက်ကြောင်း ပြောကြားသည်။ 

“ဒါဟာ အခြေခံကျတဲ့အပြောင်းအလဲကြီးတစ်ခုပါပဲ။ အခုဆိုရင် ဘယ်နေရာကို ရောက်ရောက် ကျွန်တော်အနေနဲ့ နောက်ဆုံးသတင်းတွေကို တင်ပေးလို့ရပြီး၊ ဘယ်မှာဘာဖြစ်နေတယ်ဆိုတာလည်း သိရပြီ”ဟု နိုင်ငံပိုင်သတင်းဝက်ဆိုက်များအတွက် သတင်းရေးသားတင်ဆက်ပေးနေရသူ ယူရစ်နိုဒူက ပြောကြားသည်။ 

လေ့လာဆန်းစစ်သူများကမူ ယခုလို အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့်ချပေးလိုက်ခြင်းကြောင့် သတင်းအချက်အလက် စီးဆင်းမှုအပေါ် ကွန်မြူနစ်ကျူးဘား အစိုးရ၏ ထိန်းချုပ်မှုများလွန်စွာအားနည်းသွားမည်ဖြစ်သည်ဟုဆိုသည်။ 

ကျူးဘားတွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှစတင်ကာ ကုမ္ပဏီကြီးများနှင့် သံရုံးများအပါအဝင် မိုဘိုင်းလ်ဖုန်းသုံးသူအချို့ကို မိုဘိုင်းလ်ဒေတာအစီအစဉ်များ စတင်ဝယ်ယူခွင့်ပြုခဲ့သည်ဟု ကျူးဘားတယ်လီကွန်း ETECSA ၏ အဆိုအရသိရသည်။ သို့သော် အဆိုပါအစီအစဉ်ကို လူသိရှင်ကြား ထုတ်ဖော်ကြေညာမှုမပြုခဲ့ပေ။ 

ETECSA က ထုတ်ပြန်ထားသော ကြေညာချက်အရ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်နီးပါးရှိသော မိုဘိုင်းလ်ဖုန်းသုံးသူ ၅၀ သန်းကျော်ခန့်ကို မိုဘိုင်းလ်အင်တာနက်ရရှိအောင် ဝန်ဆောင် ပေးသွားမည်ဖြစ်သည်ဟု သိရသည်။ 

ငွေကြေးအကျပ်အတည်း သို့မဟုတ် အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်ရေး ပိတ်ဆို့မှုစသည်တို့ကြောင့် ကျူးဘားသည် အင်တာနက်ချိတ်ဆက်မှုပိုင်းတွင် ခေတ်နောက်ကျကျန်နေခဲ့သည်။ ကျူးဘားတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အထိအင်တာနက်ဟူသည်မှာ ဟိုတယ်များတွင် ကမ္ဘာလှည့်တိုးရစ်များ အသုံးပြုရန်သာဖြစ်ခဲ့သည်။ 

သို့သော် နောက်ပိုင်းတွင် ကွန်မြူနစ်အစိုးရက အင်တာနက်ချိတ်ဆက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် ကြိုးပမ်းခဲ့သလို ဆိုက်ဘာကဖေးများနှင့် Outdoor Wi Fi hotspot စနစ်များကိုလည်း တပ်ဆင်ပေးလာခဲ့သည်။

F-01



FOLLOW US