News

POST TAGGED AS

အင်တာနက်

အမေရိကန်နိုင်ငံခြားရေးဌာနက ကျူးဘားအင်တာနက်လုပ်ငန်းအဖွဲ့ ဖွဲ့စည်း


ဟာဗားနား၊ ဇန်နဝါရီ၂၄

ကျူးဘားကွန်မြူနစ် ကျွန်းနိုင်ငံငယ်တွင် လွတ်လပ်ပြီး ထိန်းချုပ်ကန့်သတ်ထားခြင်းမရှိသော သတင်းအချက်အလက်စီးဆင်းမှု အားကောင်းစေရန်အတွက် ကျူးဘားအင်တာနက်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုကို ကိုးကားပြီး VOA သတင်းဌာနက ဖော်ပြသည်။ ကျူးဘားနိုင်ငံပိုင်မီဒီယာကမူ အမေရိကန်၏ အဖျက်အမှောင့်လုပ်ရပ်သာဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

“ကျူးဘားမှာ အင်တာနက်သုံးစွဲနိုင်မှုနဲ့ အမှီအခိုကင်းတဲ့ မီဒီယာတိုးချဲ့နိုင်ဖို့အတွက် ဒီလုပ်ငန်းအဖွဲ့က နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေကို လေ့လာဆန်းစစ်သွားမှာဖြစ်ပါတယ်”ဟု နိုင်ငံခြားရေးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရက ဖွဲ့စည်းသော လုပ်ငန်းအဖွဲ့နှင့် အစိုးရမဟုတ်သော ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပထမဆုံးအကြိမ် တွေ့ဆုံကြမည်ဖြစ်သည်။ ကျူးဘားကွန်မြူနစ် သတင်းစာ ဂရန်မာကမူ ယင်းအဖွဲ့သည် ကျူးဘားပြည်တွင်းရေးကို ဝင်နှောင့်ယှက်ရန်သာ ရည်ရွယ်သည်ဟု ဝေဖန်ခဲ့သည်။

“အတိတ်တုန်းကလည်း ဝါရှင်တန်ဟာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်အတွက် လုပ်ပေးနေတယ်၊ ကျူးဘားမှာ အင်တာနက်သုံးစွဲနိုင်မှု တိုးချဲ့မယ်ဆိုတဲ့ စကားလုံးတွေသုံးပြီး မတည်မငြိမ်ဖြစ်အောင်လုပ်မယ့် အစီအစဉ်တွေကို ဖုံးကွယ်ခဲ့ပါတယ်”ဟု ဂရန်မာသတင်းစာတွင် ရေးသားခဲ့သည်။ ၂၀၁၇ တွင် ကျူးဘားနိုင်ငံသား ၄၀ ရာခိုင်နှုန်းခန့် အင်တာနက် ချိတ်ဆက်သုံးစွဲနေကြပြီး ၂၀၁၀ ပြည့်နှစ်ကထက် ၃၇ ရာခိုင်နှုန်း တိုးလာသည်ဟုလည်း ရေးသားထားသည်။

ကျူးဘားသည် အများသုံးဝိုင်ဖိုင်ကွန်ရက်များ ဖန်တီးထားသလို နေအိမ်ချိတ်ဆက်အင်တာနက်ဝန်ဆောင်မှုများလည်း ခွင့်ပြုထားသည်။ သို့သော်လည်း ကျူးဘားနိုင်ငံသားအများစုမှာ စမတ်ဖုန်းဖြင့် အင်တာနက်မသုံးနိုင်သလို နေအိမ်အနည်းငယ်သာ ဘရော့ဘန်းအင်တာနက် ချိတ်ဆက်ထားနိုင်သည်။

ကျူးဘားတွင် ဝိုင်ဖိုင်ကွန်ရက် ချိတ်ဆက်သုံးစွဲမှုအတွက် တစ်နာရီလျှင် တစ်ဒေါ်လာခွဲကောက်ခံရာ ပျမ်းမျှအစိုးရလစာ တစ်လလျှင်ဒေါ်လာ ၃၀ ၏ ၅ ရာခိုင်နှုန်းမျှ ရှိနေသည်။ ကျူးဘားအစိုးရကမူ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ကွန်ရက်ဖြန့်ကြက်မှုနှေးကွေးနေပြီး အမေရိကန်အစိုးရက ကုန်သွယ်ရေးပိတ်ဆို့ထားခြင်းကလည်း အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု တုံ့ပြန်ထားသည်။ 

ဝေဖန်သူများကမူ ကျူးဘားအစိုးရသည် ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားမည်စိုးခြင်းကြောင့် ကန့်သတ်ထားခြင်းသာဖြစ်သည်ဟု သုံးသပ်ထားသည်။

သမ္မတ အိုဘားမားလက်ထက်က ကျူးဘားနှင့်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေးကြိုးပမ်းရာတွင် အင်တာနက်သုံးစွဲနိုင်ရေးကို အဓိကဆောင်ရွက်ပေးခဲ့ပြီး ကုန်သွယ်ရေးပိတ်ဆို့မှုမှ ပထမဆုံးပြန်ဖွင့်ပေးသည်မှာ ဆက်သွယ်ရေးကိရိယာများနှင့် ဝန်ဆောင်မှုများဖြစ်သည်။

F-03



FOLLOW US