News

POST TAGGED AS

အင်တာနက်

08-Nov-2017

Facebook အင်တာနက်
Facebook အပါအဝင် အင်တာနက် သုံးစွဲမှုများကို စောင့်ကြည့် ထိန်းကျောင်းရန်အဆို လွှတ်တော်အတည်ပြု
နေပြည်တော်၊ နိုဝင်ဘာ ၈

လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် Facebook အပါအဝင် အင်တာနက်  IT နည်းပညာ အလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် အဆိုကို လွှတ်တော်က အတည်ပြုလိုက်သည်။

ယင်းအဆိုကို ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့ (နိုဝင်ဘာ ၈) ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၅ ဦးက အကြံပြု ဆွေးနွေးကာ အတည်ပြုလိုက်ခြင်းဖြစ်သည်။

အင်တာနက် သုံးစွဲသူ အများစုတွင် Facebook, Messenger, Viber, Twitter သုံးစွဲမှုများရှိပြီး Facebook သုံးစွဲသူဦးရေမှာ ယခုနှစ် ဇန်နဝါရီလအထိ သုံးစွဲသူ ၁၄ သန်းခန့် ရှိကြောင်း၊ သတင်းအချက်အလက်မှားများသာမက အရှက်ရစေသည့် လုပ်ကြံမှု၊ ဘာသာရေး လူမျိုးရေး ပဋိပက္ခဖန်တီးမှုများ ရှိလာပြီး နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကို ထိခိုက်လာစေကြောင်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

လက်ရှိတွင် (စက်တင်ဘာလအထိ) ဆင်းကတ် အရေအတွက် သုံးစွဲမှုမှာ ၅၆ ဒသမ ၁၂၇ သန်းရှိနေပြီး လူဦးရေနှင့်နှိုင်းယှဉ်ပါက တယ်လီဖုန်း သိပ်သည်းဆ ၁၀၈ ဒသမ ၅၆ ရာခိုင်နှုန်း ဖြစ်နေကြောင်း၊ အိုင်တီ နည်းပညာ ဖွံ့ဖြိုးမှုကြောင့် အင်တာနက် သုံးစွဲသည့် လူဦးရေမှာ ၄၆ ဒသမ ၃၉၁ သန်းအထိ ဖြစ်လာသောကြောင့် သိပ်သည်းဆ ၈၉ ဒသမ ၇၃ ရာခိုင်နှုန်း ဖြစ်လာကြောင်း ဦးသန့်စင်မောင်က ဆိုသည်။

ယင်းကိစ္စများကြောင့် ပြည်သူလူထုကို ပညာပေးခြင်း၊ လိုအပ်သော ဥပဒေပြဋ္ဌာန်းခြင်း၊ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရ ကုမ္ပဏီများနှင့် ထိန်းသိမ်းကြပ်မတ်ခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုမှ အဆင့်မြင့်နည်းပညာဖြင့် စောင့်ကြပ် ကြည့်ရှုခြင်းများ ပြုလုပ်သွားရမည်ဖြစ်ပြီး အဆိုကို ထောက်ခံကြောင်း ဝန်ကြီးက ပြောကြားသောကြောင့် လွှတ်တော်က ကန့်ကွက်သူ မရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်။

S-01



FOLLOW US