News

POST TAGGED AS

အင်တာနက်

ကလေးများ အွန်လိုင်းတက်ခြင်းကို သရေစာကဲ့သို့ စားသုံးဟု ဆို

လန်ဒန်၊ ဩဂုတ် ၇

ကလေးများ လူမှုမီဒီယာ အလွန်အကျွံ အသုံးပြုခြင်းနှင့် အွန်လိုင်းတက်ခြင်းကို သရေစာကဲ့သို့ စားသုံးနေခြင်းအား မိဘများက တားဆီးကြရမည်ဟု ကလေးသူငယ်ဆိုင်ရာ ကော်မရှင်နာမင်းကြီးက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

Observer ဂျာနယ်နှင့် အင်တာဗျူးတွင် ကော်မရှင်နာမင်းကြီး အင်န်နီလောင်း ဖီးလ်က ကလေးများ ပိုမို အချိန်ဖြုန်းအောင် လူမှုမီဒီယာ ကုမ္ပဏီကြီးများက အသုံးပြုနေသည့် နည်းလမ်းများကို ပြစ်တင်ဝေဖန်ခဲ့ပြီး နွေကျောင်းပိတ်ရက်တွင် ကလေးများ အွန်လိုင်းတက်မှုကို တားဆီးရန် မိဘများက တက်ကြွစွာ အားထုတ်သင့်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မိဘများကို ကူညီမည့်စီမံကိန်းကို စတင်နေသည့် အင်န်နီလောင်းဖီးလ်က “ကျောင်းပိတ်ရက်တွေမှာ ကလေးတွေ အွန်လိုင်းတက်ပြီး လူမှုမီဒီယာ ကြည့်တာကို သရေစာလို စားသုံးနေကြတာဟာ အန္တရာယ်ရှိတယ်လို့ မိဘတိုင်းက ပြောကြမှာပါ။ ကလေးတွေ တစ်ချိန်လုံး သွားရည်စာ စားနေတာကို ဘယ်မိဘမှ မကြိုက်ပါဘူး။ အလားတူပဲ တစ်ချိန်လုံး အွန်လိုင်း တက်နေတာကို မိဘတွေက မလိုလားကြပါဘူး”ဟု ပြောကြားသည်။

“စမတ်ဖုန်းတွေ၊ လူမှုမီဒီယာတွေ၊ ဂိမ်းတွေဟာ ကျွန်မတို့ကို စိုးရိမ်စေတယ်။ ပူပန်စေတယ်။ ထိန်းချုပ်မှု လွတ်စေတယ်။ ဒီတော့ မှန်ကန်တဲ့ ဟန်ချက်ကို မရတော့ ပါဘူး။ သရေစာတွေ မကောင်းဘူးဆိုတာ ရှင်တို့သိပါတယ်။ လူမှုမီဒီယာကလည်း အလားတူပါပဲ”ဟု သူမကဆိုသည်။

ယူကေနိုင်ငံရှိ ကလေးများအကြားတွင် အင်တာနက်သည် တီဗီရုပ်သံကို ကျော်တက်သွားခဲ့ပြီဟု အကဲခတ် ဆန်းစစ်မှု ကုမ္ပဏီ Ofcom က မနှစ်က ထုတ်ပြန်ထားသည်။ ၅ နှစ်မှ ၁၅ နှစ်အကြား ကလေးများသည် အင်တာနက်တွင် တစ်ပတ်လျှင် ၁၅ နာရီခန့် အချိန်ဖြုန်းနေကြသည်ဟု သိရှိရသည်။

အင်္ဂလန်တွင် အသက် ၁၅ နှစ်အရွယ် ကလေး ၁၂၀,ဝ၀ဝ ခန့်ထံမှ အချက်အလက်များ ကောက်ယူခဲ့ပြီး စိတ်ပညာ သိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့သော ယခုနှစ် အစောပိုင်း သုတေသန အစီရင်ခံစာတွင် စမတ်ဖုန်းကဲ့သို့ ကိရိယာများကို အလယ်အလတ် အသုံးပြုခြင်းသည် ကောင်းကျိုးဖြစ်ထွန်းနိုင်ကြောင်း အကြံပြုထားသည်။ 

F-04



FOLLOW US